Skip to main content

sawsan Shin Min Khine

ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်

ဘယ်သူအကောင်းမြင်မြင်
မမြင်မြင်ပေါ့
ခပ်တည်တည်ပဲ
မသိချင်ယောင်ဆောင်တာကောင်းတယ်
တွေ့သမျှ ဝေဖန်တာတွေ
အာရုံစိုက်ရင် ရူးသွားလိမ့်မယ်
ကိုယ့်လမ်းကိုယ်လျှောက်ပြီး
ကိုယ့် ခြေလှမ်း ကိုယ်ဂရုစိုက်တာ အကောင်းဆုံး
ကြားသမျှ လေ လို့ မှတ်ပြီး
မြန်မြန်ရွေ့မှ ပန်းတိုင် ရောက်မှာ။ ။

:) :) :)
shin min khine
—————————————————

အဲဒီနောက် …

နာရီသံတွေ…
တချောက်ချောက်နဲ့
ငါ့ ရင်ခုန်သံတောင် တတောက်တောက် မြည်လာသလိုဘဲ
ညနက်သန်းခေါင် စာတွေဖတ်ရင်း
အိမ်ဘေးနားက ခွေးဟောင်သံက
မရိုးသားသလို
အိမ်ရှေ့က ခြေသံကြားမိတယ်
အေးစိမ့်စိမ့်ခံစားချက်နဲ့
ခေါ်သံ တစ်ချို့တစ်ဝက်ကြားမိတယ်
ကို်ယ် လှည့်ကြည့်လိုက်တော့
ငါ့ချစ်သူက ပြုံးရင်း လက်ကမ်းပေးတယ်
ဟင်.. သူက.. ဘာလို့ ဒီအချိန် ဒီနေရာ…
သူ စိုးရိမ်တကြီး ညွှန်ပြတဲ့ဘက်မှာ
ဝတ်ရုံမည်းလူက ဧရာမ တုတ်ကြီးနဲ့
တားဆီးချိန်မရ ငါ့ခေါင်းကို
ဝုန်း……ခ နဲ…….
အဲဒီနောက်………..
အဲဒီနောက်…
မြင်ကွင်းတွေ ပြောင်းသွားတယ်
……ဪ စားပွဲပေါ်ကို ငါ
ဒေါက်ခနဲ ကျသွားတာကို
တော်သေးတာပေါ့..၊ ငိုက်တာမို့လို့…………. ။ ။

shin min khine
—————————————————

နေကိုမျှော်တဲ့ ပန်းကလေး

တိမ်မိုးသားတို့

ဆန်းကြယ်လည်းလေ

နေခြည်နွေးနွေး

မျှော်လင့်ငေးရင်း

နေ့ရက်တို့ကို ကုန်စေတယ်။

..

လေပြည်အေးအေး

သင်းပျံ့လည်းလေ

နေခြည်သို့သာ

ငေးမျှော်မိရင်း

ပူပြင်းလည်းလေ

နေခြည်သည်သာ….. ငါ့ကမ်ဘာ။

shin min khine
—————————————————

.

ထိရှခံစားလွယ်တဲ့နှလုံးသားက ပိုပြီး ဒဏ်ရာတွေ ရတတ်ပါတယ်။

ခံစားချက်ကင်းမဲ့သောနှလုံးသားဖြင့်သာ အသက်ရှင်သန်ခွင့်ရခဲ့ရင်

shin min khine
—————————————————

ကဗျာ

ကဗျာဆိုတာ ကဗျာပါဘဲ။
ကဗျာထဲမှာ အစစ်အမှန်ခံစားချက်လည်း ပါရင်ပါမယ်။
တခြားကို ခံစားပြီးရေးထားတာလည်းဖြစ်ချင်ဖြစ်မယ်။
ဒါမှမဟုတ် ခံစားချက်ကို ပြောင်းပြန် ရေးချင်ရေးမယ်။

shin min khine
—————————————————

တစ်ခါတစ်ခါ……….

ငါ တစ်ခါတစ်ခါ ပြုံးနေတတ်တယ်
ဝမ်းနည်းမှုတွေနဲ့ပေါ့

ငါ တစ်ခါတစ်ခါ မှိုင်တွေနေတတ်တယ်
အတိတ်တွေကို သတိရရင်းပေါ့

ငါ တစ်ခါတစ်ခါ ပျင်းနေတတ်တယ်
စိတ်လေစွာနဲ့ပေါ့

ငါ တစ်ခါတစ်ခါ ကြိုးစားနေတတ်တယ်
အနက်ရှိုင်းဆုံးမာနတွေနဲ့ပေါ့

ငါ တစ်ခါတစ်ခါ မုန်းနေတတ်တယ်
လူတွေရဲ့ အတ္တ,တစ်ကိုယ်ကောင်းဆန်မှုကိုပေါ့

ငါ တစ်ခါတစ်ခါ ချစ်ခြင်းကို အယုံအကြည်ကင်းနေတတ်တယ်
ငါ့ ချစ်သူကလွဲလို့ပေါ့

ငါ တစ်ခါတစ်ခါ လွမ်းနေမိတယ်
မေမေနဲ့ သိပ်ချစ်ရတဲ့ချစ်သူကိုပေါ့

ပြီးတော့….
ငါ တစ်ခါတစ်ခါ သေချင်မိတယ်
သေတဲ့သူတွေနေတဲ့ သေရွာဆိုတာ…

shin min khine
—————————————————

ပြုံးပြမနေပါနဲ့တော့


လူတွေရဲ့ အပြုံးကို
နားလည်လိုက်တဲ့ အချိန်မှာ
ငါ့နှလုံးသားက
မျက်ရည်တစ်ပေါက် ခြေွချလိုက်တယ်။

နွေးထွေးခြင်း စစ်မှန်တဲ့ အပြုံးဆိုတာ
ဘယ်…မှာ…လဲ

ငါအဝေးက သီချင်းလေးတစ်ပုဒ် ကြားလိုက်ရတယ်
ငါ့ရင်ထဲ နွေးထွေးလှုပ်ရှားသွားလို့
အနားဆီ သွားကြည့်လိုက်တော့
သူ..ငါ့ကို..ပြုံးပြတယ်

ပြောင်းလဲခြင်းမျိုးစုံနဲ့
ပြောင်းလဲတတ်ကြတဲ့ လူသားတွေက
ပြောင်းလဲပြီးရင်း
ပြောင်းလဲခဲ့တယ်

နွေးထွေးခြင်း စစ်မှန်တဲ့ အပြုံးဆိုတာ
ဘယ်…မှာ…လဲ

ငါနားလည်လိုက်ပါပြီ
” လမင်းပမာ ” ဆိုတဲ့ တရားတော်ကို
မင်းသိချင်ရင်…

shin min khine
—————————————————

အဲဒီတခဏတုန်းက

မြေသင်းရနံ့လေး
မွေးပျံ့လွန်းလို့
ကိုယ့်ရင်ထဲလှုပ်ခတ်
box ငယ်လေးထဲ
ထည့်လို့သိမ်းထားမယ်
ရနံ့တွေမပြယ်ခင်
ချစ်ရသူရယ်
ပြန်လည်ဆုံတွေ့နိုင်ဖို့
အခွင့်ရချင်သေးတယ်။ ။

shin min khine
—————————————————

တွေးကြည့်လိုက်တော့


မဟူရာကောင်းကင်ကြီးထဲမှာ
နေမင်းရယ် လမင်းရယ်
အစင်းပေါင်းများစွာ – လင်းလက်လို့

စကြာဝဠာကြီး အကြီးကြီးထဲက
ဟောဒီ ကမ်ဘာဆိုတဲ့ ဂြိုဟ် ပိစိလေးပေါ်မှာ
ွG ဆိုတဲ့ လူပိစိလေး က – ရပ်ကြည့်လို့

မျက်လုံးသေးသေးလေးနဲ့
မြင်နိုင်သမျှ တွေက
အရာအားလုံး မဟုတ်သေးပါဘူး

ငါတို့ မမြင်တွေ့ရသေးတဲ့
ခန်းနားကြီးကျယ်မှုများစွာက
အဆပေါင်းများစွာ ကျန်နေပါသေးတယ်။ ။

shinminkhine
—————————————————

ကဗျာဆရာရဲ့ ဇာတ်လမ်းဟောင်းကလေး


ကလောင်ကိုကိုင်
တို့ငိုင်တယ်
ဘာရေးရမှန်းမသိဘူး
ရင်ထဲမှာပြည့်ကြိတ်သတ်
အတင်းဘဲတိုးထွက်နေလို့
မျက်ရည်တွေဘဲတောက်တောက်ကျ
လွမ်းတယ်ကွာ
ငါ့ရင်ကိုစုန်ကန်
မင်းချန်ရစ်ခဲ့တဲ့လှောင်ပြုံးကြောင့်
မာနတွေ ဆူပွက်
မချမ်းဘဲတဆတ်ဆတ်တုန်ခဲ့ပေမယ့်
တခါတရံမှာတော့
တကယ်ချစ်ခဲ့တာမို့
အတွေးထဲ
လွမ်းဆွေးရင်း….. မျက်ရည်လည်။ ။

shinminkhine
—————————————————

တစ်ယောက်တည်း (all alone)

တံခါးချပ်လေး
ပိတ်သွားစဉ်
ကမ်ဘာတစ်ခု
တစ်ယောက်တည်းလို
နံဘေးအနား
ဘယ်သူမှ မရှိ
ငါဟာအမြဲ
တစ်ယောက်တည်းပါ။ ။

shinminkhine
—————————————————

မှားယွင်းစွန့်ပစ်ခြင်း


ငါ့ကိုယ်ငါ လုံးချေပြီးတော့
အမှိုက်ပုံးထဲ လွှင့်ပစ်
ကိုယ်ကိုကိုယ် စွန့်ပစ်ခဲ့ပြီး
ဘယ်သူကမှ ပြန်ကောက်မသိမ်း
မထိ်န်းသိမ်းနိုင်လို့ ငါ့စိတ်တွေ
တစ်စစီ ပြန့်ကျဲ
ပလတ်စတစ်မှိုက် တွေလိုအသုံးမကျ
မြေဆွေးလည်း မရလို့
ဘယ်နေရာမှ အသုံးမဝင်
စွန့်ပစ်ပြီးရင်း စွန့်ပစ်
ညစ်သထက်ညစ်လာ
အကြောင်းရင်းကိုရှာ
တရားခံရှာမတွေ့
ဟိုတစ်နေ့ကမှ ရုတ်တရက်
ရိပ်ခနဲ တွေ့လိုက်ရတယ်
မှန်ရှေ့မှာ ဖြတ်လျှောက်သွားတုန်းကပေါ့။ ။

shinminkhine
—————————————————

ကိုယ့်ဘက်က

မင်းပြောတဲ့စကားအခွန်းတိုင်းကို
ငါ့နှလုံးသားထဲ
ကျောက်ထက်အက္ခရာ တင်ထားတယ်

မင်းအပြုံးလေး
သတိရလိုက်တိုင်း စိတ်လှုပ်ရှားနေလို့
ငါ့နှလုံးသားတွေ နာကျင်နေပြီ

မင်းမျက်ဝန်းလေး
ငါ့အသိဉာဏ်ထဲ စွဲမှတ်နေလို့
လုံးဝကို ရူးသွပ်ချင်နေပြီ

ကြည့်လိုက်တိုင်း နေရာတိုင်းမှာ
မင်းအကြောင်းတွေဘဲ ပြည့်နေလို့
ဘာကိုမှ သေချာမမြင်နိုင်တော့ဘူး

အချိန်တိုင်း အတွေးတိုင်းမှာ
မင်းအကြောင်းတွေဘဲ စိုးမိုးနေလို့
စိတ်တွေအရမ်း ပျံ့လွင့်နေပြီ

သတိမရပါဘူးလို့
အားတင်းရင်း အားတင်းရင်း
အတွေးထဲက ထုတ်လို့မရနိုင်ဘူး

မင်းကိုလွမ်းရလွန်းလို့
ငါ့နှလုံးသားတစ်ခုလုံး
နာကျင်နေပြီ။

ပြင်းထန်လွန်းတဲ့ နှလုံးခုန်သံက
ငါ့ရဲ့အသက်ရှင်သန်ချိန်ကို
. . . . . . . . . .တိုတောင်းစေတယ်။ ။

shinminkhine
—————————————————

နှုတ်ဆက်လိုက်ပါတယ်


အသစ်သို့ တဖန်
ခင်ဖို့ရန် ပြန်မတွေ့
ဘဝရဲ့တစ်ကွေ့မှာ
ခွဲခွာလို့ သွားရပြီ။

မတွေ့တော့ပြီမို့
ငဲ့ညှာဖို့မလို
ထင်သလို ဝေဖန်
မှန်သော်မှန် မှားသော်မှား
တကယ်ပါ
တို့ကတော့
ဘယ်တော့မှ စိတ်မဆိုးနိုင်တော့ပါဘူး။ ။

shinminkhine
—————————————————

မင်းမသိပေမယ့်

မင်းမျက်နှာလေး
ငါ့ရင်ထဲ မြင်ယောင်ရင်း
ရုတ်တရက် ရူးချင်လာတယ်။

မင်းမျက်ဝန်းလေး
အကြိမ်ကြိမ် ဖတ်တတ်အောင် ကြိုးစားရင်း
မနေ့ကထက် ပိုပိုခက်လာတယ်။

အချစ်ဆိုတာ ဘာလဲ
မင်းရင်ထဲ ဘာတွေရှိလဲ
ဘာကိုမှ မဖြေတတ်ပေမယ့်

မင်းမျက်နှာလေးကို
သေချာ မြင်တွေ့မိခြင်းက
စွဲမြဲစွာ စွဲလန်းခြင်းကို နားလည်စေခဲ့ပြီ။

အရာရာ မသေချာပေမယ့်
ငါ့နှလုံးသားရဲ့ နေရာပေါင်းများစွာ
မင်းအတွက် ပေးထားပါမယ်

စွန့်ပစ်ခြင်းမရှိ
ပြောင်းလဲခြင်းမရှိ တဲ့
မြတ်နိုးမှု တွေ နဲ့ ပေါ့။ ။

shinminkhine
—————————————————

ခံစားချက်အမှန်ပါ


He is my first
But a true love
I am thinking about him with affection
. . . . . . . . for the whole night
I intend to be with him
. . . . . . . . for my whole life.

shinminkhine
—————————————————

မိုးနှင့် အတူ


လေလေးက ဟိုဒီယိမ်းရင်း
မိုးရနံ့လေး ယူဆောင်ခဲ့ ….
ငါသိလိုက်ချိန်.
ဘေးနားမှာ သင်းပျံ့လို့ပေါ့…
ငါ့ရင်ထဲ ပျော်လာတယ်
ပြီးတော့
………… နာကျင်လာတယ်

ဟိုအဝေးမှာလေ…….

ငှက်လေးတွေ
ဟိုဒီပျံရင်း ပြေးလွှားလို့
ဘာ့ကြောင့်မှန်းမသိ
ပျော်နေတာလား စိုးရိမ်နေတာလား

ကောင်းကင်ကျယ်မှာ တိမ်တွေ
ဦးတည်ရာမဲ့ ပြေးလွှားလို့
ပျော်လွန်းလို့မြူးကြွနေတာလား
မပြိုချင်လို့ ရှောင်ပုန်းနေတာလား

ငေးရင်း ငေးရင်း ငါ့စိတ်တွေ
အတိတ်ထဲ ပြေးလွှား
ငါမသိချင်ဘူး
ဘာကိုမှ မတွေးချင်ဘူုး

တကယ်တမ်းတော့ ငါ
ဟိုးငယ်ငယ်တုန်းကလို
ပုခက်ကလေး လွှဲစီးရင်း
မေမေ့ကို ငေးလို့
… တခစ်ခစ် ရယ်နေချင်ခဲ့တာပါ၊

shinminkhine
—————————————————

မသိလိုက်ခင်

အချစ်တွေ အမုန်းတွေ သံသယတွေ
ဘာမှမဟုတ်ဘူး ထင်ခဲ့ပေမယ့်
ဘယ်လိုမှသတိမထားမိ ခင်မှာ
ထုထည်တွေ ကြီးမားခဲ့ကြတယ်။

အတ္တတွေ မာနတွေ အာယာတွေ
ဘယ်လောက်မှ မကြီးကျယ်ဘူး ထင်ခဲ့ပေမယ့်
ဘာကိုမှမတားဆီးနိုင်ခင်မှာ
နောင်တတွေ လွှမ်းမိုးခဲ့ရတယ်။

အိုခြင်းတွေ နာခြင်းတွေ သေခြင်းတွေ
ဘယ်တော့မှ မရောက်သေးပါဘူး ထင်ခဲ့ပေမယ့်
ဘယ်အရာမှ မပြင်ဆင်နိုင်သေးခင်မှာ
သေမင်းက( ငါ့ကို ) ရက်စက်စွာ ခေါ်ခဲ့တယ်။

shinminkhine
—————————————————

ခေါင်းစဉ်မရှိ


အပြင်မှာ မိုးတွေအုံ့နေတယ်
မရွာသေးတဲ့ အဲဒီမိုးစက်တွေက
ငါ့နှလုံးသားကို နာကျင်စေတယ်
ဆိုရင်
မင်း…ယုံမလား။

မိုးဟာ ငါ့ဘဝအတွက်
နာကျင်စရာ
ပျော်ရွှင်စရာ
အမှတ်တရများစွာ ကို
ဖြစ်စေခဲ့ပါတယ်။

တကယ်တော့…
ဘာမှ မထူးဆန်းတော့ပါဘူး
ဒါပေမယ့် အရူးအနှမ်းခံစားနေရတုန်းဘဲ။။။

shinminkhine
—————————————————

ဒီမနက်တုန်းကပေါ့


နေရောင်ခြည်က ငါ့လက်ဖဝါးပေါ်မှာ
ခုန်ပေါက်ပြေးဆော့နေတယ်။

လေသင်းသင်းလေးက ငါ့နှလုံးသားကို
လာတိုက်ခတ်နေတယ်။

တဖျတ်ဖျတ် လွင့်နေတဲ့ သစ်ရွက်တွေရယ်

အေးမြနေတဲ့ လေပြေတွေရယ်

နွေဦးရဲ့ ဆိတ်ငြိမ်မှုရယ်
.
.
.
အော်………
…………………….ငါ မင်း ကို .. လွမ်းလိုက်တာ……….။

shinminkhine
—————————————————

ရွာနေသော မိုးစက်များ

မိုးကရွာနေတယ်။
တံခါးပိတ်ထားတဲ့ ငါ့အိမ်လေးထဲမှာ
မီးကပျက်နေတယ်။
ဂစ်တာလေးတစ်လက်ကိုတီးကာ
အလွမ်းသီချင်းကို ဆိုရင်း
ငါ့ နှလုံးသားမှာ
မျက်ရည်တွေ ရွာနေတယ်။

shinminkhine
—————————————————

အလောတကြီး


သေခြင်းတရား
ငါ့ရဲ့နံဘေး တံခါးခေါက်ချိန်
ငါ တွေဝေခဲ့တယ်။

မှန်လား မှားလား
လုပ်ခဲ့သမျှတွေ
ဝေခွဲရ ခက်လို့။

ရင်ထဲလွမ်းနေ
အစားထိုးမရ အချိန်တွေ
အကျိုးမရှိ ကုန်ခဲ့လို့။

လူ့ဘဝသက်တမ်း
စမယ်ကြံတုန်း ကုန်ဆုံးသွားတယ်
အမှန်တကယ် မြန်လွန်းလို့။

shinminkhine
—————————————————

ကျနော့သူငယ်ချင်းရေးထားတဲ့ ကဗျာလေးတွေပါ။ ကဗျာတွေက ကောင်းလို့ မဟုတ်ဘူးရယ် တငယ်ချင်းမရို့ ခင်လို့ တင်လိုက်တာ ….. အဲ့.. ဟုတ်ပါဘူး.. :) ကဗျာတွေက တကယ်ကောင်းပါတယ်။ ဒါပေသိ “စိတ်ညစ်တယ်” ဒါ ကျနော်ပြောတာမဟုတ်ဘူးနော် ကဗျာဆရာရဲ့ လက်သုံးစကား ဟားဟား shin min khine ရေ ငါတော့ နင့်အကြောင်းဖွနေပီ ခွိ..

Random Quote

—