Skip to main content

sawsan ဟောဒီတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ဖို့ ငါအသက်ရှင်နေရတာ

> ငါဟာ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့သူ တစ်ယောက်ဖြစ်ရမယ်။ ဒါဟာ ငါ့ဘဝမှာ အရေးအကြီးဆုံး အခြေခံအကျဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်။
> ငါလိုချင်တဲ့ ပညာကို ကိုယ့်အားကိုယ်ကိုးပြီး ရှာနိုင်ရမယ်။ မြင့်မြတ်တဲ့အမှန်တရားကို သိနိုင်တဲ့သူ ဖြစ်ရမယ်။
> ငါလိုချင်တဲ့ ဝင်ငွေကို ကောင်းတဲ့နည်းနဲ့ လုံလောက်အောင် ရှာနိုင်တဲ့သူ ဖြစ်ရမယ်။
> ငါလုပ်တဲ့ အလုပ်ဟာ လူ့အသိုင်းအဝိုင်းကို အကျိုးပြုတဲ့ အလုပ်ဖြစ်ရမယ်။ ငါ့အသိုင်းအဝိုင်းထဲမှာ ငါယူသင့်တဲ့တာဝန်ကို ယူတဲ့သူ ဖြစ်ရမယ်။
> ငါ့ကိုယ်ကိုငါ လေးစားတဲ့သူ ဖြစ်ရမယ်။ ငါ့ရဲ့ ကိုယ်ကျင့်သိက္ခာကို လူအများ လေးစားနိုင်ရမယ်။ ငါ့ရဲ့ ရိုးသားမှု ဖြောင့်မတ်မှုကို အစစ်ဆေး ခံနိုင်တဲ့သူ ဖြစ်ရမယ်။
အဲဒီလို ရည်ရွယ်ချက်ကို ပြတ်ပြတ်သားသားထားနိုင်ရင် ဘယ်သူမဆို အောက်တန်းကျတဲ့သူ မဖြစ်တော့ဘူး။ ဂုဏ်သိက္ခာရှိတဲ့သူပဲ ဖြစ်မယ်။
ဘဝကို တကယ် အသက်ဝင်စေတာ ကိုယ် အင်မတန် ဖြစ်ချင်တဲ့ ကောင်းတဲ့ ရည်ရွယ်ချက် ဦးတည်ချက်ပဲ။ ဦးတည်ချက်တစ်ခု ရှိရမယ်။
ဒါလုပ်ဖို့ ငါအသက်ရှင်နေရတာလို့ ပြောနိုင်ရမယ်နော်။
ဟောဒီကိစ္စကို အကောင်အထည် ဖေါ်နိုင်ဖို့၊
ဟောဒီ အသိဉာဏ်မျိုးကို ရဖို့၊
ဟောဒီတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့ ငါအသက်ရှင်နေရတာလို့ ပြောနိုင်ရမယ်။
အဲဒါကို နေ့စဉ် အားတက်သရော လုပ်နေရမယ်။
ဒီကိစ္စ အကောင်အထည် ဖော်နိုင်ဖို့
ဒီလိုအသိဉာဏ်မျိုးကို ရဖို့
ဒီလို စိတ်ထားမျိုးကို ရဖို့
ဒီလိုတာဝန်ကျေပွန်အောင်လုပ်ဖို့ အသက်ရှင်ရမယ်လို့ ပြစရာ ပြောစရာ လုပ်စရာ မရှိတဲ့လူဟာ ဘဝ သေနေတဲ့လူပဲ။
အဲဒီတော့ ဘဝမသေအောင် နေနိုင်ဖို့ဟာ တော်တော်ကို လေးလေးနက်နက်စဉ်းစား နေတက်မှ ရနိုင်မယ်နော်။
ပေါ့ပေါ့တန်တန်နေလို့မရဘူး။ ပေါ့ပေါ့နေ ပေါ့ပေါ့စား လုပ်နေရင် ဘဝသေသွားမယ်။ လူရာမဝင်တဲ့သူ ဖြစ်သွားမယ်။
အခုခေတ်မှာ မသေမရှင်ဖြစ်နေတဲ့သူတွေ တော်တော်များတယ်။

ဒီစာလေးတွေက လွန်ခဲ့တဲ့ ၂ နှစ်လောက် ကျနော်ဖတ်ခဲ့တဲ့ ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ရေးတဲ့ စာအုပ်တစ်အုပ်ထဲကပါ။
အခု အဲ့စာအုပ်ကို ပြန်ဖတ်ရင်း Internet ထဲမှာ စာလာဖတ်ကြတဲ့ သူငယ်ချင်းများနှင့် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကျနော့ အသိမိတ်ဆွေ၊
သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး စာအုပ်ထဲကအတိုင်း ကျနော်စာရိုက်ပြီးပေးလိုက်တာပါ။
“အတန်းပညာ၊ အတက်ပညာ၊ အသိပညာ တို့တွင် အသိပညာသာ အများဆုံးရှိချင်ပါသည်”
“ဘဝနဲ့ ဆန္ဒ တစ်ထပ်တည်းကျဖို့ထက် အသိနဲ့ အကျင့်တစ်ထပ်တည်းကျဖို့က နံပါတ်တစ်လို့ ကိုယ့်ကိုကိုယ် အမြဲပြောနေမိပါတယ်…. ”
source : www.sawsan23.com

Random Quote

—