Skip to main content

sawsan သူများဘဝကို ပုံတူကူးပြီး နေတဲ့သူဟာ ဘဝမရှိဘူး

သူများနဲ့မတူလို့ အခက်အခဲတွေ တော်တော်များခဲ့ပါတယ်။ ဒါပေမယ့် ကိုယ့်ဘဝကို ကိုယ့်စိတ်ကူးနဲ့ ပုံဖေါ်ပြီး နေရတာကို သိပ်ကျေနပ်ပါတယ်။ အဲဒီလိုနေရမှ ကိုယ့်စိတ်ဟာ အသက်ဝင်တယ်။
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်လိုချင်တဲ့ ပညာကို ရှာတတ်ရမယ်။ အဲဒီလိုမှ မရှာတက်သေးရင် ကိုယ့်မှာ ကိုယ်ပိုင်ဘဝဆိုတာ မရှိသေးဘူး။ သူများ ပြောပြမှ သိရမယ်။ သူများသင်ပေးမှ တတ်မယ် ဆိုရင် တကယ်သိတာ တကယ်တတ်တာ မဖြစ်နိုင်ဘူး။ မှတ်ထားတာပဲ ဖြစ်မယ်။ များများ မှတ်ထားတာ များများ မှတ်မိတာကို တတ်တယ်လို့ ထင်နေကြတယ်။
ကိုယ့်ကိုယ်ကို တကယ်ယုံကြည်တဲ့သူဟာ ကိုယ့်မေးခွန်းကို ကိုယ်မေးပြီးတော့ ကိုယ်အဖြေကိုကိုယ် ရှာတဲ့သူဖြစ်တယ်။ သူများ မေးခွန်းနဲ့ သူများဖြေကို ကျေကျေနပ်နပ် လက်မခံဘူး။
ဟုတ်တယ် မဟုတ်ဘူး။ မှန်တယ် မမှန်ဘူး ဆိုတာကို သေသေချာချာ စမ်းစစ်ဝေဖန်ပြီးမှ လက်ခံသင့်ရင် လက်ခံတယ်။
သူများ မမေးတဲ့ မေးခွန်းတွေကို မေးတဲ့သူမှသာ တကယ် ကိုယ့်ဉာဏ်ကို ကိုယ်သုံးတဲ့သူလို့ ဆိုနိုင်တယ်။ သူများ မမေးဖူးတဲ့ မေးခွန်းကို မေးဖူးသလား။ မေးခွန်းမရှိပဲ အဖြေတွေချည်းရထားရင် အဖြေလို့ တကယ်မဆိုနိုင်ဘူး။ မေးခွန်းရှိမှ အဖြေရှိတယ်။ ကိုယ်ကမေးတဲ့ မေးခွန်းမှသာ ကိုယ့်မေးခွန်းဖြစ်တယ်။ ကိုယ့်မေးခွန်းရဲ့ အဖြေကို ကိုယ်ဉာဏ်နဲ့ ကိုယ်ရှာမှသာ ကိုယ့်အဖြေဖြစ်တယ်။ သူများကို နေရာတကာ အားကိုးနေလို့ မရတော့ဘူး။ ဒါကြောင့် ကြောက်တတ် အားငယ်တတ်ပြီးတော့ ဘာမဆို သူများနောက်က လိုက်ချင်တဲ့သူဟာ ခေတ်နောက်ကျပြီး ကျန်ခဲ့တော့မယ်။
အခုခေတ်လူငယ်တွေဟာ သူများနဲ့ မတူမှာကို သိပ်ကြောက်ကြတယ်။ ဒါကြောင့် သူများဝတ်သလို လိုက်ဝတ်ကြတယ်။ သူများ တွေးသလို လိုက်တွေးတယ်။ သူများ ပြောသလို လိုက်ပြောတယ်။ ကြာတော့ ကိုယ့်ဘဝပါ ပျောက်သွားတယ်။
ကိုယ့်ဉာဏ်ကို ကိုယ်သုံးပြီး ကိုယ့်ဘဝကို ကိုယ်ပုံဖေါ်တဲ့သူဟာ သူများနဲ့ တူတဲ့သူ မဖြစ်နိုင်ဘူး။
ကိုယ်စိတ်ကူးနဲ့ ကိုယ့်စိတ်ကြိုက်ဘဝကို ပုံဖေါ်ရမယ်။ မှန်းတဲ့အတိုင်း အကုန်လုံး ဖြစ်မယ်လို့တော့ မဆိုလိုပါဘူး။ ဖြစ်နိုင်သလောက် ဖြစ်အောင်တော့ ကြိုးစားရမယ်။
ဒါမှသာ ကိုယ့်ဘဝကိုကိုယ် အားရှိ ပါးရှိ နေနိုင်မယ်။ ကိုယ့်ဘဝကို ကိုယ် ပုံမဖေါ်တဲ့သူဟာ နေရတာ အားမရှိဘူး။ လွတ်လပ်မှုမှ မရှိပဲ။ ကိုယ့်ဘဝကို ကိုယ်ပုံဖေါ်နိုင်တာ ကျေနပ်စရာ အကောင်းဆုံးဖြစ်တဲ့ လွတ်လပ်မှုပဲ။ ကိုယ့်စိတ်ကိုကိုယ် အဆင့်အတန်းမြင့်အောင် လုပ်နိုင်တဲ့ လွတ်လပ်မှုဟာ အဆင့်အမြင့်ဆုံး လွတ်လပ်မှု ဖြစ်တယ်။

လွတ်လပ်သူ၏ ကိုယ်ဘဝကိုကိုယ် ပုံဖေါ်နိုင်သော စိတ်ဓာတ်

အခုခေတ်ဟာ ကိုယ့်ဉာဏ်ကိုကိုယ် အားကိုးပြီးတော့ ကိုယ့်အစွမ်းအစနဲ့ ကိုယ့်ဘဝကိုကိုယ် ပုံဖေါ်တဲ့သူရဲ့ ခေတ်ဖြစ်ပါသည်။ ကိုယ့်အား ကိုယ်ကိုးတဲ့သူရဲ့ ခေတ်ဖြစ်ပါတယ်။
ကိုယ့်ဘဝကိုကိုယ် ပုံဖေါ်ချင်ရင် ကိုယ့်ရဲ့ ပင်ကိုစရိုက် ပင်ကိုသဘာဝကို ကိုယ်နားလည်ပြီး တန်ဘိုးထားဖို့ လိုတယ်။ ကိုယ့်ပင်ကိုသဘာဝ ပျောက်မသွားဖို့ သိပ်အရေးကြီးတယ်။
ငါဘာကို တကယ် တန်ဘိုးထားသလဲဆိုတာကိုမှ မသိရင် ငါ့ဘဝကိုငါ ဘယ်လိုနေရမယ်ဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်တော့မလဲ။ ဒါကြောင့် သူများ နောက်ကို လိုက်နေတဲ့သူဟာ ဘယ်တော့မှ ကိုယ့်ပုံစံနဲ့ ကိုယ့်ဘဝကို မရနိုင်တော့ဘူး။ အဲဒါဟာ အကြီးမားဆုံး ဆုံးရှုံးမှုပဲ။
မနေ့ညက ကျနော်ပြန်ဖတ်ခဲ့တဲ့ ဆရာတော်ဦးဇောတိကရေးတဲ့ စာအုပ်တစ်အုပ်ထဲကပါ။
Internet ထဲမှာ စာလာဖတ်ကြတဲ့ သူငယ်ချင်းများနှင့် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကျနော်အသိမိတ်ဆွေ၊ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး စာအုပ်ထဲကအတိုင်း ကျနော်စာရိုက်ပြီးပေးလိုက်တာပါ။
"အတန်းပညာ၊ အတက်ပညာ၊ အသိပညာ တို့တွင် အသိပညာသာ အများဆုံးရှိချင်ပါသည်"။ source : www.sawsan23.com

Random Quote

—