Skip to main content

sawsan ကိုယ့်အရည်အချင်းတွေကို အမြင့်ဆုံး ရောက်အောင် အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ပြုစု ပျိုးထောင်တာ၊ ကိုယ့်အရည်အချင်းတွေကို ပြည့်ပြည့်ဝဝ သုံးတာဟာ အင်မတန် အဆင့်မြင့်တဲ့ စွန့်စားမှု ဖြစ်တယ်။

များသောအားဖြင့် ကိုယ့်ကို သူများသုံးလို့ အဆင်ပြေအောင်ပဲ လုပ်ကြတယ်။ သူများက ကိုယ့်ကို ဘယ်နေရာမှာသုံးချင်သလဲ အဲ့ဒီနေရာမှာ အသုံးတည့်အောင် နေလိုက်တယ်။ သူများ ကိုယ့်ကို သုံးတာကိုပဲ တော်တော်ဟုတ်လှပြီလို့ ထင်နေကြတာ။ " လိုရင် ကျနော့ကို ခေါ်သုံးပါ.. နော် " လို့တောင် ပြောတာ ကြားဖူးတယ်။
ပညာသင်တာတောင် ကိုယ့်ကို သူများ အသုံးတဲ့အောင် ပညာသင်နေကြတာ။ ကိုယ့်အရည်အချင်းကောင်းတွေကို ကိုယ်သုံးရအောင် ပညာသင်တာ မဟုတ်ဘူး။ ကိုယ့်ကို သူများက အသုံးတည့်အောင် ပညာသင်ရတာကို သဘောကျနေတယ်။ တချို့တော့ ပညာသင်တာ ကိုယ့်ကို သူများ အသုံးတည့်တဲ့ အဆင့်တောင် မရောက်ဘူး။ ဘာဖြစ်လို့လဲ။ ကိုယ့်ဟာကိုယ်ပဲ ဖြေလိုက်ပါ။
သူများက ကိုယ့်ကို လိုရင်သုံးမယ် မလိုရင် မသုံးဘူး။ အဲဒီလို ဘဝမျိုးမှာ နေမယ်ပေါ့..။ နေပျော်တယ်ပေါ့..။ ရည်မှန်းချက်က အဲသလောက်ပဲ ထားသလား။ ကိုယ့်ကိုယ်ကို အဲဒီလို ဘဝမျိုးနဲ့ပဲ တန်တယ်လို့ ဆုံးဖြတ်ထားသလား။ အဲဒီလို ဆုံးဖြတ်ထားရင် အဲဒီလို ဘဝမျိုးမှာပဲ နေရမယ်။
ကိုယ်နဲ့ တန်တယ် ထင်တာကို မှန်းကြာတာပဲ။ မှန်းသလောက်ပဲ ရမှာပေါ့။ မှန်းတာထက် ပိုမရနိုင်ဘူး။ " ရင်လောက်တင်မှာ ဒူးလောက် ကျ " လို့ဆိုတယ်။ ဒူးလောက်မှန်းရင် ဘယ်လောက်ကျ မလဲ။ ခြေမျက်စေ့ နားလောက်တော့ ရောက်မှာပေါ့.. နော်။ အဲသလောက်ဆို ကျေနပ်ရောလား။
ရည်မှန်းချက် မြင့်မြင့်ထားရင် ဘဝင်မြင့်နေတယ်လို့ ပြောချင်ကြတယ်။ အဲဒီလိုဆိုရင် ရည်မှန်းချက်နိမ့်နိမ့် ထားတဲ့သူဟာ ဘဝင်မမြင့်တဲ့သူ၊ တော်တဲ့သူ .. ပေါ့။ ရည်မှန်းချက် နိမ့်လေ တော်လေပဲလား။ အဲဒီလို ရည်မှန်းချက် နိမ့်တဲ့သူတွေ များနေလို့ ဒီအသိုင်းအဝိုင်းတစ်ခုလုံး နိမ့်ကျသွားနေတာ။
ငါဘယ်လို လူဖြစ်ချင်သလဲ ဆိုတာကို သေသေချာချာ အာရုံပြုပါ။ သိအောင်လုပ်ပါ။ အဲဒါတောင် တော်တော်မလွယ်လှဘူး.. နော်။ လူတော်တော်များများဟာ သူတို့ ဘယ်လိုလူဖြစ်ချင်တယ် ဆိုတာကို မသိကြဘူး။ ဒါကြောင့် ကိုယ့်ကို သူများက ဘယ်လိုလူ ဖြစ်စေချင်သလဲဆိုတာကို ကြည့်ပြီး သူများ ဖြစ်စေချင်တဲ့သူ ဖြစ်အောင် နေကြတာ။ သူများ အသုံးတည့်အောင် နေကြတာ။
မနေ့ညက ကျနော်ပြန်ဖတ်ခဲ့တဲ့ ဆရာတော်ဦးဇောတိကရေးတဲ့ စာအုပ်တစ်အုပ်ထဲကပါ။
Internet ထဲမှာ စာလာဖတ်ကြတဲ့ သူငယ်ချင်းများနှင့် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကျနော်အသိမိတ်ဆွေ၊ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး စာအုပ်ထဲကအတိုင်း ကျနော်စာရိုက်ပြီးပေးလိုက်တာပါ။
"အတန်းပညာ၊ အတက်ပညာ၊ အသိပညာ တို့တွင် အသိပညာသာ အများဆုံးရှိချင်ပါသည်"။

Random Quote

—