Skip to main content

sawsan မိဘ ကျေးဇူးအကျေဆပ်နည်း

ဒီ blog လေးက ကျနော့ မွေးနေ့ (Feb 17) မှာ အပြီး ရေးခဲ့ပေမယ့် webpage ပေါ်ကို အခုမှ တင်ဖြစ်တာပါ။
ကျနော် ငယ်ငယ်က ကြားသိခဲ့တာက မိဘကျေးဇူးဆိုတာ ကြီးမားလွန်းလို့ ဆပ်လို့ မကုန်နိုင်ဘူး၊ ဆပ်လို့မရဘူးတဲ့၊ ဘုရားတောင် မိဘကျေးဇူးကို နို့ တစ်လုံးဖိုးပဲ ကြေအောင်ဆပ်နိုင်တယ်လို့ လူကြီးသူမတွေရဲ့ မိဘကျေးဇူး ကြီးမားပုံကို တင်စားပြောဆိုခဲ့တာတွေကို တကယ်ထင်မှတ်ခဲ့တယ်။ ကျနော့ အသက် ၂၀ နှစ်လောက်မှ စပြီး ဆရာတော်တစ်ချို့ရဲ့ ဟောကြားတဲ့ တရားတွေ၊ ရေးသားတဲ့စာတွေကို ဖတ်မှတ်၊ နာကြားရင်း ဆရာတော် ရှင်ဆန္ဒ္ဋာိကရေးသားတဲ့ မိဘကျေးဇူး အကြေဆပ်နည်းဆိုတဲ့ စာအုပ်လေးကို ဖတ်မိတော့ မိဘကျေးဇူးနှင့် ပါတ်သတ်လို့ ကျနော်ငယ်ငယ်က လက်ခံထားတဲ့ အသိအမြင်ဟောင်းတွေက ပြောင်းလဲသွားပါတယ်။ မိဘကျေးဇူးဆိုတာ အကျေဆပ်လို့ မရဘူးဆိုတာ မဟုတ်ပါ၊ ဘုရားတောင် နို့ တစ်လုံးဖိုပဲ ကြေအောင်ဆပ်နိုင်တယ် ဆိုတာ မဟုတ်ပါ၊ မိဘကျေးဇူးကြီးမားလွန်းလို့ တင်စားပြောခဲ့တဲ့ စကားတွေပါ။ မိဘကျေးဇူးကို ကျေအောင်ဆပ်မယ်ဆိုရင် ဆပ်လို့ရပါတယ်။
မိဘကျေးဇူး အကြေဆပ်နည်းကတော့ ္ဋမ္မလို့ခေါ်တဲ့ တရားဖြင့် ဆပ်မယ်ဆိုရင် မိဘကျေးဇူး အကျေဆပ်လို့ရပါတယ်။ တရားနဲ့ ဘယ်လို ဆပ်ရမလဲ?
ဒါကို မပြောခင် မြတ်စွာဘုရား မိဘကျေးဇူးကို ဘယ်လို ကြေအောင်ဆပ်ခဲ့လည်း ဆိုတော့
မြတ်စွာဘုရားကလည်း မိခင် နတ်သားကို တရားဟောပြီးတော့ပဲ မိဘကျေးဇူးကို အကြေဆပ်နိုင်ခဲ့ပါတယ်။
ခု ကျနော်တို့ကော မိဘကျေးဇူးကို ဘယ်လို အကြေဆပ်မလဲ? တရားနဲ့ဆပ်ရမယ်ဆိုတာတော့ သိပြီ။ တရားနဲ့ ဘယ်လိုဆပ်မလဲ?
မိဘကို တရားအသိတွေ ရရှိ/ကျင့်ကြံစေပြီး လက်ရှိဘဝမှာတင် သောတပန်ဖြစ်အောင် ဒါမှမဟုတ် နောက်ဘဝ တစ်ခုခုမှာ သောတပန်ဖြစ်လောက်တဲ့ တရားအသိနှင့် တရားအားထုတ်ပြီး ကျင့်ကြံနေထိုင်တဲ့ သူတွေဖြစ်အောင်ပြုလုပ်ပေးနိုင်ရင် ဒါမှ မဟုတ် ကိုယ်ကိုတိုင် လက်ရှိဘဝမှာတင် သောတပန်၊ အနာဂ္ဂါမ်၊ ရဟန်းသာ၊ ဖြစ်အောင် ကျင့်ကြံနိုင်ရင် မိဘကျေးဇူး အပါအဝင် ကျေးဇူး အားလုံး ကြေပါတယ်။ အဲ့ မကောင်းမှုကံ အကြေွးအနေနဲ့ ဆပ်စရာရှိနေရင်တော့ ရဟန်းသာဖြစ်လည်း ဆပ်စရာရှိတဲ့ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုကံ အကြေွးကတော့ ကြေအောင်ဆပ်ရပါတယ်။
မိဘကျေးဇူး အကြေဆပ်ဖို့ နည်းလမ်းကတော့ ရှိနေတယ်၊ သိလည်း သိပြီဆိုတော့ လုပ်နိုင်မလား? :)
လုပ်နိုင်တာ မလုပ်နိုင်တာထား ဖြစ်ချင်စိတ်ကို အခြေခံ ကြိုးစားမှုကို အရင်းပြု ဇွဲ ဆိုတဲ့ စကားလုံးလေး ထပ်ဖြည့်ပြီး လုပ်ဆောင်သွားမယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ ဘာရှိဦးမှာလဲ? အရှုံးဆိုတာ ဘာလဲလို့တောင် မေးယူရဦးမယ်။ ဒါက အခက်အခဲတွေကို ကျော်လွားရမယ့် အချိန်မှာ ကိုယ့်ကိုကိုယ် အားပေးနေကျ စကားလေးမို့ ဒီနေရာမှာ သုံးလိုက်တာ။ ဒီ blog မရေးခင် ကျနော့ဘာသာ မိဘကျေးဇူးကို ဆပ်ဖို့ ကြိုးစားကြည့်တုန်းကလည်း ဒီလိုမျိုး ကိုယ့်ကိုကိုယ် ခွန်အားပေးခဲ့ပေးရတာလေ။
မိဘကျေးဇူးကို အကြေဆပ်ဖို့ မိဘကို တရားကဲ့သို့ ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် ပို့ဆောင်ပေးတဲ့နေရာမှာ ကိုယ်ကိုတိုင်က အဲ့ဒီ ကောင်းမွန်တဲ့လမ်းကြောင်းကို တီးမိခေါက်မိအောင်တော့ လေ့လာထားဖို့၊ သိထားဖို့၊ ကျင့်ကြံထားဖို့ လိုအပ်ပါမယ်။ ဒါမှလည်း အဆင်ပြေမယ် သင့်တော်ပါမယ်။ အနှိမ့်ဆုံးအဆင့် မိဘကို တရားအသိတွေရရှိပြီး သိထားတဲ့အသိ အတိုင်း အမြဲ ဆင်ခြင်နှလုံးသွင်းနေနိုင်ပြီး ကျင့်ကြံအားထုတ်နိုင်သူတွေဖြစ်အောင်လုပ်ပေးနိုင်ဖို့ဆိုတာ၊ ကိုယ်ကိုတိုင်က အဲ့လို တရားလမ်းကြောင်းပေါ်ရောက်နေဖို့တော့လိုပါမယ်။ အဲ့လို မလုပ်နိုင်သေးရင်တော့ ကျနော်ဟိုတုန်းက လုပ်ခဲ့သလို မိဘကို တရားခွေလေးတွေ၊ တရားစာအုပ်လေးတွေ ၀ယ်ပေးတာမျိုးက စပြီး လုပ်ကြည့်ပါ။ ပြီးတော့ တရားခွေကို မိဘနဲ့ အတူတူနားထောင်တယ်။ အဲ့တုန်းကဆို ကျနော့အသက် ၂၀ မပြည့်တက်သေးဘူး။ မိဘကျေးဇူးကို အကြေဆပ်ကြည်ဖို့ဆိုတဲ့ စိတ်၊ ကျနော်ကိုယ်တိုင်ကိုလည်း တရားအဆုံးအမတွေကို နှစ်သက်သဘောကျတဲ့ စိတ်ကြောင့်လားမသိဘူး တရားနာရတာကို မပျင်းဘူး။ အဲ့လိုနဲ့ အလေ့အကျင့်ကောင်းလေး ရအောင်တော့ ကျနော့ ကြိုးစားကြည့်ခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် မိဘကျေးဇူး အကြေဆပ်တဲ့နေရာမှာ ကျနော်လည်း အခုပြောသလောက်ပဲ လုပ်ဖြစ်သေးတယ်။ တရားခွေလေးတွေ ၀ယ်ပေးပြီး အတူတူနားထောင်တဲ့ အလေ့အကျင့်နဲ့ နားကြားထားတဲ့ တရားအသိကို ပြန်လည်းဆွေးနွေးကြည့်ဖြစ်တာ အဲ့လောက်ပဲရှိသေးတယ်။
အခုလိုတွေ မလုပ်ခင် အခြေခံအကျဆုံးဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာ အပေါ်မှာ အကြွမ်းမဲ့ ယုံကြည်သူဖြစ်အောင်၊ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ကိုယ်ကိုတိုင် လေ့လာပြီး ဗုဒ္ဓအဆုံးအမတွေကို လိုက်နာကျင့်ကြံပြီး ကိုယ်တိုင် ဗုဒ္ဓဘာသာဝင်ဖြစ်အောင် ကြိုးစားရပါမယ်။ ကိုယ်ကိုတိုင် ဘာသာရေးကို လေ့လာဖို့ ကြိုးစားဖို့ အချိန်မရဘူးဆိုရင်တော့ ဆောန ပြောသလို မိဘကို တရားခွေလေးတွေ ၀ယ်ပေးပြီး၊ နားထောင်ဖြစ်အောင်၊ တရားစာအုပ်လေးတွေ ဖတ်ဖြစ်အောင် တော့ပြုလုပ်ပေးရပါမယ်။ တစ်ချို့ မိဘက မအားတာနဲ့ ကိုယ်ကိုတိုင်က စိတ်ဝင်စားမှု နည်းတာနဲ့ ဆိုရင်တော့ နည်းနည်း ခက်ပါလိမ့်မယ်။ တစ်ချို့ကျလည်း မိရိုးဖလာ ဗုဒ္ဓဘာသာမို့တော့ ဘာသာရေးကို တစ်ချက်တစ်ချက်လုပ်ပါရဲ့ ဘုရား၊ တရား၊ သံဃာအပြင် တခြား ကိုးကွယ်မှုတွေကလည်း အများသားဆိုရင်ဆိုရင်လည်း တရားအသိရဖို့ နည်းနည်း ခက်ပါလိမ့်မယ်။ အဲ့ဒါမျိုးကျ အရင်ဆုံး ဒိဌိပြုတ် တရားကိုပေးနာရပါမယ်။
နဂိုတတည်းက ဘာသာရေး အထိုက်အလျောက်လေ့လာ ကျင့်ကြံနေတဲ့ မိဘဆိုရင်တော့ ကျနော်တို့ ကျေးဇူးဆပ်ဖို့ တအားကြီး မခက်တော့ဘူးပေါ့ဗျာ။ ပထမဆုံး မိဘကို ဘုရားနှင့် တရားအဆုံးအမတွေနဲ့ အဲ့ဒီ အဆုံးအမတွေကို နားလည်အောင် မျှဝေဟောပြော၊ ရေးသား ဆုံးမပေးနေတဲ့ သံဃာ တွေကလွဲလို့ တခြား ဘာကိုမှ ကိုးကွယ်မှု မပြုဖို့ ပြုလုပ်ပေးရပါမယ်။ ဒါက တစ်ချို့ ကိုးကွယ်မှု များနေတဲ့ မိဘတွေအတွက်ပါ။ ဘုရားအဆုံးအမ တရားတွေကိုတော့ အချိန်ရရင် ရတိုင်း နားကြားဖြစ်အောင် ဖတ်မှတ်ဖြစ်အောင် မိဘတွေ ရင်ထဲထိ ရောက်သွားအောင် အလေ့အကျင့်ကောင်းဖြစ်အောင် လုပ်ပေးရပါမယ်။ ကျနော်တို့ ကိုယ်တိုင်လည်း စောသေးတယ် ငယ်သေးတယ် မမှတ်ပါနဲ့၊ အခု မိဘကျေးဇူးကို အကျေဆပ်ဖို့ ကြိုးစားရင်းကပဲ အကြောင်းတိုက်ဆိုင်တုန်း၊ လိုအပ်တုန်းမှာ လေ့လာပါ။ တစ်ချို့က အသက်အရွယ်ကြီးမှ ဘာသာရေးကို လုပ်မယ်လို့ စိတ်ကူးကြတယ်။ အသက်အရွယ်ကြီးတဲ့အခါ ကိုယ်စွမ်းအား၊ စိတ်စွမ်းအားတွေ ကျဆင်းလာပါတယ်။ အဲ့လို အချိန်မှ
ဘာသာရေးကို လေ့လာမယ် လုပ်မယ်ဆိုရင်တော့ တရားရဖို့ မလွယ်ပါဘူး။ အသက်အရွယ် ကြီးတဲ့အခါမှာ မပြောနဲ့ အခုငယ်ရွယ်တုန်း နေမကောင်းဖျားနာဖြစ်တဲ့အခါမှာ စိတ်စွမ်းအားကျနေတတ်ပြီး ကိုယ်စိတ်ကို မထိန်းနိုင်မသိမ်းဖြစ်တက်တာကို ကြည့်ပါ။ ဒါကြောင့်လည်း လူမမာအလိုကျ ဘေးလူတွေက လိုက်လျောပေးနေရတာလေ၊ နောက် ကျနော့ အတွေ့အကြုံတစ်ခုပြောပြမယ်။
AGTI ကျောင်းပီးခါစ အိမ်မှာ ဘာသာရေးလေး နည်းနည်းပါးပါး လုပ်ဖြစ်နေတော့၊ သစ္စာအနက် (၁၆)ချက်ဆိုတဲ့ တရား၊ DVD ၄ ချက်တွဲကို ၂ ရက် ညပိုင်းမအိပ်ပဲ သေချာ တရားနာဖြစ်တယ်။ တရားကို လိုလိုချင်ချင် သိချင်စိတ်နဲ့ကို နှစ်သက်လို့ တန်ဘိုးထားလို့ နာတာ၊ တစ်ချက်မှ မငိုက်ဘူး၊ အဲ့တုန်းက အသက် ၂၁ စိတ်စွမ်းအား၊ ကိုယ်စွမ်အား အပြည့်ရှိနေတဲ့အရွယ်၊ ဆရာတွေဟောတာလည်း မြန်မာလို မြန်မာလူမျိုးတစ်ယောက်နားလည်စေတဲ့ ဘာသာစကားနဲ့ တရားတွေကလည်း ဘုရားဟောခဲ့တဲ့ သစ္စာ တရားကိုပဲ တိုက်ရိုက် မြန်မာပြန်ပြီး ကျနော်တို့ နားလည်အောင်ဟောပေးတာ ဟောပြောတဲ့ ဆရာတော်တွေဘက်ကလည်း ဘာမှ လိုအပ်ချက်မရှိဘူး တထိုင်တည်း နိဗ္ဗာန်ရောက်လောက်တဲ့ တရားကို နိဗ္ဗာန်ရောက်လောက်အောင် ဟောတာ၊ ကျနော့ဘက်ကလည်း သေချာကို သိလိုစိတ် နဲ့ နာကြားတာ၊ ဒါပေသိ ကျနော်တို့ ဖြစ်ရမယ့်အတိုင်း မဖြစ်ခဲ့ဘူး။ ဘာလို့လဲ?
ရဟန်းသံဃာတော်တွေရဲ့ ကြိုးစားမှုကြောင့် အခုမှသာ ဒီလို တရားတွေကို နာကြားခွင့်ရပီး တန်ဘိုးထားရကောင်းမှန်းသိတာ၊ အရင်တုန်းက အတိတ်က မသိမှု အဝိဇ္ဇာတွေ တအားဖုံးလွမ်းပြီး အရေထူလာခဲ့တော့ အခု တထိုင်တည်း နဗ္ဗာန်ရောက်လောက်တဲ့ သစ္စာတရားကို နာကြားရတာတောင် ဘာမှဖြစ်လာခဲ့ဘူးလို့ ကိုယ့်ကိုကိုယ် သိမြင်လာတယ်၊ ဒါပေသိ ဇွဲမလျော့ဘူး.. ဘာလို့လဲ?
အဲ့ဒီ တရားနာစဉ် ၄ နာရီ၊ ၅ နာရီအတွင်းမှာ စိတ်က ကြည်လင်နေတယ်၊ လောဘ၊ ဒေါသ၊ မောဟ တစ်ချက်မှ ၀င်မလာဘူး၊ အဲ့အချိန်မှာ သူတို့ ၀င်လို့နေရာမရှိဘူး စိတ်က တရားအပေါ်မှာပဲ ရှိနေတယ်၊ ဟောကြားတဲ့ တရားတွေကို နာကြားလိုက်၊ ကိုယ်ဉာဏ်နဲ့ကို စဉ်းစားလိုက်၊ ပေါ်လိုက်တဲ့ အာရုံတစ်ခုခုနဲ့ ဟောနဲ့တရားနဲ့ အကြောင်းတိုက်ဆိုင်တဲ့အခါ ဆင်ခြင်လိုက်နဲ့ စိတ်က အရမ်းကို ကြည်နေတယ်။
အတိတ်က ကျနော်တို့ ဘယ်လောက် အရေထူခဲ့လည်းဆိုရင် အဲ့လို သစ္စာတရားကို နာကြားရလို့ ဖြစ်သင့်ဖြစ်ထိုက်တာ မဖြစ်တဲ့အပြင် တရားနာပြီး တည်ငြိမ်အေးချမ်းတဲ့ စိတ်က တစ်ရက်တောင် မနေဘူး၊ နောက်နေ့ တခြား အာရုံတွေဆီပဲ စိတ်ကရောက်သွားတယ်၊ ဒါကြောင့် ကျနော်တို့က အတိတ်က မသိမှု အဝိဇ္ဇာတွေ နဲ့ အတော်ရေထူခဲ့တာဆိုတော့ မိဘကျေးဇူးအကျေဆပ်ဖို့က နည်းနည်းတော့ ခက်ရင် ခက်မယ်။ ကျနော်တို့ ကြိုးစားကြည့်ရမှာပဲလေ အရှုံးမှ မရှိပဲ၊ လုပ်သလောက် အကျိုးရှိမယ့် ကိစ္စပဲ ဟုတ်ဘူးလား..
အချုပ်ပြောရရင် မိဘကျေးဇူးအကျေဆပ်ဖို့ ကိုယ်ကိုတိုင်နှင့် မိဘကို တရားအသိ၊ တရားအဆုံးအမ များများရအောင် အချိန်ရတိုင်း လေ့လာပါ။
ရရှိတဲ့ လေ့လာမှတ်သားအသိကို အသိမှ အကျင့်သို့ ကူးပြောင်းနိုင်အောင် ကြိုးစားပါ။

“အသိမှ အကျင့်သို့ ကူးပြောင်းခြင်း”

အသိကို အသိအတိုင်းထားရင် အသိက အကျင့်အလိုလိုဖြစ်မလာပါဘူး။
အသိက အသိပါပဲ။ သိထားတဲ့ အသိကို သတိနဲ့ စဉ်းစားဆင်ခြင်ခြင်းဖြင့်သာ အကျင့်အဖြစ်ကူးပြောင်းလို့ရမယ်ထင်ပါတယ်။ အသိကို
သတိနဲ့ဆင်ခြင်မိတိုင်း အကျင့်အဖြစ် ကူးပြောင်းနေတာပါပဲ။ လေ့လာမှတ်သားထားတဲ့အသိကို အကြောင်းတိုက်ဆိုင်တဲ့အခါမှာ ဖြစ်စေ အကြောင်းမတိုက်ဆိုင်သေးသည်ဖြစ်စေ သတိဖြင့် ဆင်ခြင်ပြီး သိတဲ့အသိအတိုင်း ကျင့်ပြီဆိုတော့ တဒင်္ဂ တခဏသာ ကျင့်မိတဲ့အကျင့် မဖြစ်ရလေအောင်
အဲ့ဒီအကျင့်လေးမြဲဖို့ကလည်း သတိနဲ့ပဲ နေထိုင်မှ ခိုင်မြဲတဲ့ အကျင့်လေးဖြစ်ပြီး အလေ့အကျင့်ကောင်းဖြစ်လာမယ်ထင်ပါတယ်။
အသိနဲ့ အကျင့်နဲ့ တထပ်တည်းကျပီဆိုရင်တော့ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာ အသေချာပါတယ်လို့ ပြောချင်ပါတယ်။
အကြောင်းအရာက မိဘကျေးဇူး အကြေဆပ်နည်း ဟိုတုန်းက ကြားခဲ့ဖူးတဲ့ ဆရာတော် ရှင်ဆန္ဒိာက ဟောထားခဲ့တဲ့ တရားတော်နှင့် အခြားနားကြား၊ ဖတ်မှတ်ဖူးသော တရားအဆုံးအမများကို မှတ်မိသလောက် အခြေခံပြီး ကိုယ်တိုင်အသိ သေးသေးလေးဖြင့် ဒီ Blog ကိုရေးသားခြင်းဖြစ်ပါတယ်၊ တက်သိနားလည်သော လူပုဂ္ဂိုလ်၊ ရဟန်းသံဃာများက ကျနော်ရေးသားရာမှာ အမှားပါရင် ပြုပြင်ပေးပါလို့ ပြောပါရစေ။ စာဖတ်သူ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ source : www.sawsan23.com

Random Quote

—