Skip to main content

sawsan လွတ်လပ်တဲ့သူဟာ ဉာဏ်မသုံးရတဲ့ဘဝကို မကျေနပ်ဘူး

သူတို့ကို ချည်ထားတဲ့ သံကြိုးကို ချစ်နေတဲ့ လူမိုက်တွေကို လွတ်လပ်သွားအောင် လုပ်ပေးဖို့ သိပ်ခက်ပါတယ်။
မလွတ်လပ်တာကို သဘောကျနေတဲ့သူကို လွတ်လပ်အောင်လုပ်ပေးလို့ မရဘူး။ ပြောလို့လည်း ရမှာ မဟုတ်ဘူး။ တချို့လူတွေဟာ မလွတ်လပ်တာကို ကြိုက်တယ်။ ဒါကြောင့် ခိုင်းတာလုပ်ပြီး ပေးသလောက်ယူရတဲ့ဘဝကို ကျေနပ်နေတယ်။ ကြိုးစားသလောက် အကျိုးခံစားရမယ့် အလုပ်မျိုးကို မလုပ်ဘူး။ ဉာဏ်ကို ပိုသုံးရမယ့် အလုပ်ကို မလုပ်ဘူး။ အရည်အချင်းကို ပိုထုတ်ရမယ့် အလုပ်ကို မလုပ်ဘူး။ လက်အောက်ခံဘဝကို ကျေနပ်နေကြတယ်။
လက်အောက်ခံဆိုတာ ခိုင်းတာလုပ်ရတယ်။ ခိုင်းတာလုပ်ရင် တာဝန်ကျေပြီ။ ဘာလုပ်ရင် ကောင်းမလဲ၊ ဘယ်လိုလုပ်ရင် ပိုကောင်းမလဲလို့ စဉ်စားစရာ မလိုဘူး။ ခိုင်းတာလုပ်ရင် ဘာလုပ်ရမလဲ ဆိုတဲ့ မသေချာတဲ့ အခြေအနေ၊ အဖြေရှာရတဲ့ အခြေအနေ မရှိဘူး။ သေချာနေတယ်။ သေချာနေတာဟာ သေနေတာပဲ။
ရှင်သန်နေတဲ့သူမှာ မသေချာတဲ့ သဘောဟာ အမြဲရှိနေတယ်။ မေးခွန်းအမြဲရှိနေတယ်။ အမြဲတန်းအဖြေကို ရှာနေရတယ်။ အဲဒါကို လူတိုင်း မလုပ်နိုင်ဘူး။ မေးရမှာ ကြောက်တယ်။ မေးရတာ ပင်ပန်းတယ်။ အဖြေရှာရတာ ပင်ပန်းတယ်။ ကိုယ့်အဖြေ မှားသွားမှာ ကြောက်တယ်။ ဒါကြောင့် သူများ အဖြေကို မစဉ်းစားပဲ မစမ်းစစ်ဘဲ မျက်စိမှိတ်ပြီး လက်ခံလိုက်တယ်။ ကိုယ့်မေးခွန်းကို ကိုယ်မေးပြီး ကိုယ့်အဖြေကို ကိုယ်မရှာဘူး။ သူများမေးခွန်းနဲ့ သူများ အဖြေကို လွယ်လွယ်နဲ့ လက်ခံလိုက်တယ်။ အဲဒီလို လူဟာ လွတ်လပ်တဲ့သူ ဘယ်တော့မှ ဖြစ်မလာဘူး။
ဒီစာတွေက မနေ့ညက ကျနော်ပြန်ဖတ်ခဲ့တဲ့ ဆရာတော်ဦးဇောတိကရေးတဲ့ "လွတ်လပ်သော စိတ်"ဆိုတဲ့ စာအုပ်ထဲကပါ။
Internet ထဲမှာ စာလာဖတ်ကြတဲ့ သူငယ်ချင်းများနှင့် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကျနော်အသိမိတ်ဆွေ၊ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး စာအုပ်ထဲကအတိုင်း ကျနော်စာရိုက်ပြီးပေးလိုက်တာပါ။
“အတန်းပညာ၊ အတက်ပညာ၊ အသိပညာ တို့တွင် အသိပညာသာ အများဆုံးရှိချင်ပါသည်”။
ဘဝနဲ့ ဆန္ဒ တစ်ထပ်တည်းကျဖို့က အသိနဲ့အကျင့် တစ်ထပ်တည်း ကျဖို့က နံပါတ်တစ်လို့ ကိုယ့်ကိုကိုယ် အမြဲပြောနေမိပါတယ်။ source : www.sawsan23 .tk

Random Quote

—