Skip to main content

sawsan နောင်ဘ၀အတွက် အခုကတည်းက ကြိုတင်ပြင်ဆင်

လူဝင်စားတွေနဲ့ပါတ်သက်လို့ သေချာ စဉ်းစားကြည့်တော့ “ ငါလည်း အတိတ်ဘဝက အမျိုးမျိုးဖြစ်ခဲ့မှာပဲ၊ အခု လူ့ဘဝဖြစ်ပြီ။ နောင်လည်း အများကြီး ဖြစ်ရဦးမှာပဲ။ ”
ဘာတွေဖြစ်မယ်ဆိုတာ အတိအကျ မပြောနိုင်ဘူးပေါ့။ သို့သော် ဖြစ်မယ်ဆိုတာတော့ သိတယ်။ ဖြစ်မယ်ဆိုတာ သိလို့ရှိရင် အခုဖြစ်နေတဲ့ ကိစ္စတွေထဲမှာ ဘယ်လို အကြောင်းအကျိုးတရားတွေရှိနေသလဲဆိုတာကို သဘောပေါက်လို့ရှိရင် နဲနဲလောက်တော့ ကြိုတင်ပြင်ဆင်လို့ရတယ်။ အမြော်အမြင်ရှိတဲ့လူဆိုရင် ဒီလိုပဲ တွေးရတော့မှာနော်။ ကြိုတင်ပြင်ဆင်ထားရရင် ကောင်းတယ်။ ဘယ်လိုဖြစ်ရရင် ကောင်းမလဲဆိုတာကို သေသေချာချာရွေှးပြီးတော့ ဘာတွေ ကြိုတင်ပြီး လုပ်ထားရရင် ကောင်းမလဲဆိုတာကို သေသေချာချာ စဉ်းစားတော့တာပဲ။
အဲဒီလို နောက်ဘဝအတွက် အခုကတည်းက ကြိုတင်ပြင်ဆင်ဖို့ကို စဉ်စားတော့ အခုဘဝမှာ လုပ်ရတာတွေဟာ ပိုပြီးလေးနက်လာတယ်။ ဘဝသံသရာ အမြင်ရှိတဲ့သူစာ ဘဝကို ပိုပြီး လေးလေးနက်နက် ခံယူတယ်။ သေပြီးရင် ဘာမှ ပြန်မဖြစ်တော့ဘူးလို့ ယုံကြည်နေတဲ့သူဟာ ဘဝကို ဘယ်လို လေးလေးနက်နက် နားလည်နိုင်မလဲဆိုတာ တော်တော်တွေးရခက်တယ်။
ငါဟာ စားဖို့၊ ဝတ်ဖို့၊ ပျော်ပျော်ပါးပါး နေဖို့လောက်နဲ့ ကျေနပ်သွားလို့ မဖြစ်ဘူး။ There is more to life than just having a pleasant time.
ဘဝဆိုတာ ပျော်ပျော်ပါးပါးနေဖို့ထက် ပိုပြီး လေးနက်ရမယ်၊ အဓိပ္ပါယ်ရှိရမယ်။ ပိုပြီးတော့ လေးလေးနက်နက် ကိုယ့်ဘဝကို အသုံးချဖို့၊ ကိုယ့်အချိန်ကို အသုံးချဖို့၊ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ အထုံ၊ ဝါသနာ၊ ပါရမီ ဆိုတာကို ဖြစ်လာအောင် ထူထောင်ရမယ်၊ လေ့ကျင့်ရမယ်။ ဒီလို စဉ်းစားမိတာ။ ဒီလိုနဲ့ပဲ တရားအားထုတ်တာ ဝါသနာပါလာတယ်။
တရားအားထုတ်တယ်ဆိုတာ ဘာမှမခက်ဘူး။ အင်မတန်ရိုးတယ်၊ သဘာဝကျတယ်။ ဗုဒ္ဓဘာသာတရားထဲမှာ ဒီသတိပဋ္ဌာန်တရားဟာ အကောင်းဆုံးတရားပဲ။ တခြားလည်း လုပ်လို့ရှိရင် အကျိုးရှိတာတော့ အများကြီး ရှိပါတယ်။ ကုသိုလ်ရတဲ့ အကျိုးရှိတဲ့ စိတ်ချမ်းသာတဲ့ လုပ်စရာအလုပ်တွေအများကြီးရှိပါတယ်။ အဲဒီကောင်းတာတွေ အများကြီးထဲက အကောင်းဆုံးဟာ အမြဲတမ်း သတိနဲ့ နေတဲ့အကျင့်ပဲ၊ အဲ့ဒါ အကောင်းဆုံးပဲ။
မနေ့ညက ကျနော်ပြန်ဖတ်ခဲ့တဲ့ ဆရာတော်ဦးဇောတိကရေးတဲ့ စာအုပ်တစ်အုပ်ထဲကပါ။
Internet ထဲမှာ စာလာဖတ်ကြတဲ့ သူငယ်ချင်းများနှင့် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကျနော်အသိမိတ်ဆွေ၊ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး စာအုပ်ထဲကအတိုင်း ကျနော်စာရိုက်ပြီးပေးလိုက်တာပါ။
ဘဝနဲ့ ဆန္ဒ တစ်ထပ်တည်းကျဖို့ထက် အသိနဲ့အကျင့် တစ်ထပ်တည်း ကျဖို့က နံပါတ်တစ်လို့ ကိုယ့်ကိုကိုယ် အမြဲပြောနေမိပါတယ်။
“အတန်းပညာ၊ အတက်ပညာ၊ အသိပညာ တို့တွင် အသိပညာသာ အများဆုံးရှိချင်ပါသည်”

Random Quote

—