Skip to main content

sawsan Steve Jobs Speech


Apple တည်ထောင်သူ စတိဗ်ဂျော့ ၏ ၂၀၀၅ ခုနှစ် စတန်းဖို့တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပြောကြားခဲ့သော ထင်ရှားသည့် မိန့်ခွန်း

အားလုံးပဲ မင်္ဂလာပါ။

အခုလို ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခုရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ တက်ရောက်ပို့ချခွင့် ရတဲ့အတွက် အလွန် ဝမ်းသာမိပါတယ်။ အမှန်အတိုင်းပြောရရင်၊ ကျွန်တော် ဘွဲ့မရခဲ့ဖူးလို့ ဘွဲ့နှင်းသဘင်ဆိုတာကို အခုမှအနီးစပ်ဆုံး ကြုံရတာပါ။ ဒီကနေ့ ကျွန်တော့်ဘဝအတွေ့အကြုံကနေ ရရှိထားတဲ့ သင်ခန်းစာ သုံးခုအကြောင်းကို ပြောပြချင်ပါတယ်။

ပထမသင်ခန်းစာကတော့ ပေါင်းစပ်ခြင်းအနာဂါတ် သဘောတရားပါ။

ကျွန်တော် ရိဒ်တက္ကသိုလ်မှာ (၆) လပဲတက်ပြီး ဆက်မတက်ဖြစ်လိုက်ပါဘူး။ ဒါပေမယ့် နောက်ထပ် (၁) နှစ်ခွဲလောက် ကျောင်းပါတ်ဝန်းကျင်မှာပဲ ဆက်နေဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲ။

ဒါ ကျွန်တော်မမွေးခင်ကတည်းက စခဲ့တဲ့ဇာတ်လမ်းပါ။ ကျွန်တော့်အမေရင်းဟာ ငယ်ရွယ်ပြီး ဘွဲ့ရပညာတတ် မဟုတ်တဲ့သူ တစ်ဦးပါ။ ကျွန်တော့်ကို ဘွဲ့ရပညာတတ် အသိုင်းအဝိုင်းမှာ ကြီးပြင်းစေချင်တဲ့အတွက် မွေးစားဖို့ ပေးခဲ့ပါတယ်။ အဲ့ဒီမှာ ရှေ့နေတစ်ဦးနဲ့သူ့ဇနီးက ကျွန်တော့်ကို မွေးစားဖို့ပြောဆိုပြီးခါမှ လက်မှတ်ထိုးရမယ့် အချိန်မှာ မိန်းကလေးလိုချင်တာ ဖြစ်နေလို့ မမွေးစားဖြစ်တော့ပါဘူး။ ဒါကြောင့် ကျွန်တော့် တစ်ကယ့် မွေးစားမိဘများက အမှတ်မထင် ကျွန်တော့်ကို မွေးစားဖြစ်ခဲ့ပါတယ်။ ကျွန်တော့် မွေးစားမိဘများဟာလည်း ဘွဲ့ရပညာတတ်တွေ မဟုတ်ကြပါဘူး။ ဒါကြောင့် ကျွန်တော့် အမေရင်းက ပထမတော့ မပေးချင်ပါဘူး။ ဒါပေမယ့် နောက်ဆုံးမှာ ဘွဲ့ရတဲ့အထိ ကျောင်းထားပေးပါမယ်ဆိုတဲ့ ကတိကြောင့် ပေးဖြစ်လိုက်ပါတယ်။

နောက် (၁၇) နှစ်ကြာတဲ့အခါ ကျွန်တော်တစ်ကယ်ပဲ ကောလိပ်ကျောင်းကို ရောက်ခဲ့ပေမယ့် အလွန်စျေးကြီးတဲ့ ကျောင်းကိုမှ ရွေးချယ်လိုက်မိပါတယ်။ ကျွန်တော့် မွေးစားမိဘတွေ စုဆောင်းထားသမျှဟာလည်း ကျွန်တော့် ကျောင်းစရိတ်နဲ့ ကုန်တာပါပဲ။ ဒါကြောင့် (၆) လလောက်ကြာတဲ့အခါ ကျွန်တော် ဆက်မတက်ချင်တော့ပါဘူး။ အစပိုင်းမှာ ကြောက်လန့်မိပေမယ့် အခုပြန်တွေးကြည့်တော့ ဒါဟာ ကောင်းမွန်တဲ့ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်။ ကျောင်းထွက်မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ တစ်ပြိုင်နက်ထဲ သတ်မှတ် သင်ခန်းစာတွေ ကျွန်တော် မလုပ်တော့ပါဘူး။ အဲ့ဒီအစား ကျွန်တော်လုပ်ချင်တဲ့ သင်ခန်းစာတွေချည်းပဲ လိုက်လုပ်ဖြစ်ခဲ့ပါတယ်။

အဆောင်မရတော့ဘူးဆိုတော့၊ သူငယ်ချင်း အဆောင်ခန်းရဲ့ ကြမ်းပြင်မှ အိပ်ရပါတယ်။ ကိုလာဘူးခွံတွေ လိုက်ကောက် ပြန်သွင်းပြီး ထမင်းစားပါတယ်။ တစ်ပါတ်တစ်ခါ (၇) မိုင်လောက် အိမ်ကိုလမ်းလျှောက်ပြန်ပါတယ်။ ဒီအတွေ့အကြုံတွေ အားလုံးက နောင်တစ်ချိန်မှာ ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်တဲ့အရာတွေ ဖြစ်လာခဲ့ပါတယ်။ ဥပမာလေးတစ်ခု ပြောပြပါမယ်။

ကျွန်တော်တက်ခဲ့တဲ့ ရိဒ်ကောလိပ်က လက်ရေးလှပညာမှာ အကောင်းဆုံးပါပဲ။ ကျောင်းဝန်းထဲ ရှိရှိသမျှ ပိုစတာ၊ စာတမ်း၊ ခေါင်းစည်း အကုန်လုံးကို သိပ်လှတဲ့လက်ဆွဲစာလုံးလေးတွေနဲ့ တန်ဆာဆင်ထားတာပါ။ သတ်မှတ်သင်ခန်းစာတွေ လုပ်စရာမလိုတော့တဲ့ ကျွန်တော်လည်း လက်ရေးလှ သင်ခန်းစာတွေ လိုက်တက်တော့တာပါပဲ။ Serif နဲ့ Sans Serif စာလုံးတွေအကြောင်း၊ စာလုံးတစ်လုံးနဲ့ တစ်လုံးကြားက Spacing တွေအကြောင်း၊ သိပ်မိုက်တဲ့ Typography တွေမှာ ရှိရမယ့်လက္ခဏာရပ်တွေအကြောင်း အကုန်လိုက် လေ့လာဖြစ်ပါတယ်။ သိပ္ပံပညာက ရှင်းမပြနိုင်တဲ့ အနုပညာသဘောတွေပါပဲဗျာ၊ သိပ်သဘောကျတာပဲ။

ဒါတွေဟာ လက်တွေ့ဘဝမှာ အသုံးဝင်စရာအကြောင်းမရှိဘူးလို့ ထင်ရပါတယ်။ ဒါပေမယ့် နောက် (၁၀) နှစ်ကြာတဲ့အခါ ပထမဆုံး Macintosh ကွန်ပျူတာကို တီထွင်တော့ အဲ့ဒါတွေအကုန် ကျွန်တော့်ခေါင်းထဲ ပြန်ပေါ်လာတာပဲ။ ဒါကြောင့်ပဲ Mac ဟာ သိပ်လှတဲ့ စာလုံးလှ ဒီဇိုင်းတွေပါဝင်တဲ့ ပထမဆုံးကွန်ပျူတာ ဖြစ်လာခဲ့တာပါ။ ကျွန်တော့်မှာသာ ဒီလိုအတွေ့အကြုံတွေ မရှိခဲ့ရင် Mac မှာလည်း စာလုံးလှတွေ ပါဝင်မှာမဟုတ်သလို၊ Windows ဆိုတာလည်း Mac ကို လိုက်ကူးနေတာဆိုတော့ အခုလို PC ကွန်ပျူတာတွေမှာ ပါဝင်နေတဲ့ စာလုံးလှတွေလည်း ပါဝင်လာမှာ မဟုတ်ပါဘူး။ ဒီလိုအနာဂါတ်ကို ကြိုမြင်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူးပေါ့။ နောင်တစ်ချိန် ပြန်ကြည့်တော့မှသာ ထင်ရှားလာတဲ့ အကြောင်းအရာတွေပါ။

နောင်တစ်ချိန်မှာ ဘာတွေဘယ်လို ချိတ်ဆက် ပေါင်းစပ်သွားမလဲဆိုတာကို စကတည်းက ကြိုမြင်နိုင်မှာ မဟုတ်ပါဘူး။ ဒီလိုပဲ လုပ်စရာရှိတာလုပ်ရင်း ထွက်ပေါ်လာတဲ့ ရလဒ်တွေဟာ၊ နောင်တစ်ချိန်မှာ အလိုအလျှောက် ပေါင်းစပ် ချိတ်ဆက်သွားမှာပါ။ ဒီလိုချိတ်ဆက်သွားလိမ့်မယ် ဆိုတာကို ယုံကြည်ပါ၊ မိမိကိုယ်ကိုယ် ယုံကြည်ပါ၊ ယုံကြည်ချက်နဲ့အတူ ဝါသနာပါရာကိုသာ သေသေချာချာလုပ်ပါ။ ကျွန်တော့်အတွက် ဒီနည်းဟာ ဘယ်တော့မှ မမှားခဲ့တဲ့ နည်းတစ်ခုဖြစ်ခဲ့ပါတယ်။

ဒုတိယသင်ခန်းစာကတော့ ချစ်မြတ်နိုးစိတ် နဲ့ ဆုံးရှုံးခြင်းတို့ပါပဲ။

ကျွန်တော် ကံကောင်းခဲ့ပါတယ်။ ကျွန်တော် ချစ်မြတ်နိုးပြီး စိတ်အားထက်သန်တဲ့အလုပ်ကို စောစောစီးစီးပဲ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ စတိဖ်ဝေါ့ဇညက်နဲ့ ကျွန်တော် Apple ကို ကျွန်တော့်မိဘအိမ်က ဂိုထောင်ထဲမှာ တီထွင်တော့ အသက် (၂၀) ပဲ ရှိပါသေးတယ်။ (၁၀) နှစ်အကြာမှာတော့ ဝန်ထမ်းပေါင်း (၄၀၀၀) နဲ့ ဒေါ်လာ (၂) ဘီလီယံတန်ကြေးရှိတဲ့ လုပ်ငန်းကြီးတစ်ခုဖြစ်နေပါပြီ။

(မှတ်ချက် ။ ။ ယခုစာရေးချိန် ဝန်ထမ်းပေါင်း (၁) သိန်း (၆) သောင်းကျော်နှင့် (၂.၃၉) ထရီလီယံတန်လုပ်ငန်းဖြစ်နေပါပြီ)

ကျွန်တော်တို့ရဲ့ အကောင်းဆုံးတီထွင်မှုလို့ဆိုရမယ့် Macintosh ကို တီထွင်ပြီး မကြာခင်မှာပဲ ကျွန်တော် အလုပ်ဖြုတ်ခံခဲ့ရပါတယ်။ ကိုယ်တိုင် တည်ထောင်ထားတဲ့ လုပ်ငန်းကနေ ဘယ်လိုလုပ် အလုပ်ဖြုတ်ခံရတာလဲ။ ကျွန်တော်ကိုယ်တိုင်ပဲ လုပ်ငန်းကြီးလာတဲ့အခါ လုပ်ငန်းအတွက် အကောင်းဆုံးလူ ဖြစ်မယ်ထင်လို့ စီမံအုပ်ချုပ်ဖို့ ခန့်အပ်ခဲ့တဲ့သူနဲ့၊ အစပိုင်းမှာ အဆင်ပြေပေမယ့် နောက်ပိုင်းမှာ အနာဂါတ်အမြင်တွေ မတူကြလို့ အဆင်မပြေဖြစ်လာတဲ့အခါ၊ ဒါရိုက်တာအဖွဲ့က အဲ့ဒီလူဘက်ကနေ ရပ်တည်ခဲ့တာပါ။ အသက် (၂၀) မှာ ကိုယ်တိုင် တည်ထောင်ခဲ့တဲ့ လုပ်ငန်းကနေ အသက် (၃၀) မှာ လူသိရှင်ကြား အရှက်တကွဲ ကန်ထုတ်ခံလိုက်ရပါပြီ။

လတချို့ကြာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်ခဲ့ရပါတယ်။ ရှေ့ရှေ့က တီထွင်သူများပေါ်မှာ တာဝန်မကျေသလို ခံစားရပါတယ်။ ကျွန်တော့်လက်ထက်မှာ ဆက်လုပ်ရမယ့် အလုပ်တွေကို လုပ်နိုင်စွမ်းမရှိခဲ့သူ တစ်ဦး၊ တာဝန်မကျေသူတစ်ဦးလို့ ခံစားရပါတယ်။ ကျွန်တော့်ကို ယုံကြည်ခဲ့သူတွေကို လိုက်တွေ့ပြီး ဒီလူသိရှင်ကြား ရှုံးနိမ့်မှုအတွက် တောင်းပန်ခဲ့ပါတယ်။ အဝေးတစ်နေရာကို ထွက်သွားဖို့ထိ စဉ်းစားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့ရဲ့ ဝါသနာနဲ့ စိတ်အားထက်သန်မှုက ယုတ်လျော့သွားခြင်းမရှိဘဲ တစ်ဖြည်းဖြည်း ပြန်လည် အားကောင်းလာခဲ့တဲ့အတွက် အသစ်ကနေ ပြန်စဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲ့ဒီအချိန်တုံးက မသိခဲ့ပေမယ့်၊ အခုပြန်တွေးကြည့်တော့ Apple ကနေ ကန်ထုတ်ခံခဲ့ရတာ ကျွန်တော့်အတွက် အတော်အကျိုးရှိတဲ့ ဖြစ်ရပ်တစ်ခုဖြစ်နေခဲ့ပါတယ်။ အောင်မြင်မှု လောကဓံက ပေးတဲ့ ဖိအားတွေကင်းလွတ်သွားပြီး လွတ်လပ်ပေါ့ပါးသူတစ်ဦး ပြန်ဖြစ်သွားစေပါတယ်။ ကျွန်တော့်ဘဝရဲ့ အကောင်းမွန်ဆုံး ဖန်တီးမှုတွေကို ဒီကာလမှာ လုပ်ဖြစ်သွားစေပါတယ်။

နောက် (၅) နှစ်အတွင်းမှာ NeXT ကုမ္ပဏီနဲ့ Pixar တို့ကို ကျွန်တော် တည်ထောင်နိုင်ခဲ့သလို ကျွန်တော့်ဘဝ လက်တွဲဖော်ကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Pixar ကနေ ကမ္ဘာ့ပထမဆုံး ကွန်ပျူတာသုံး ကာတွန်းရုပ်ရှင် Toy Story ကို ထုတ်လုပ်နိုင်ခဲ့သလို၊ Apple က NeXT ကို ဝယ်ယူခဲ့လို့ ကျွန်တော်လည်း Apple ကို တစ်ခေါက်ပြန် ရောက်ခဲ့ရပါတယ်။ NeXT မှာ တီထွင်ခဲ့တဲ့ နည်းပညာတွေဟာ Apple ရဲ့ လက်ရှိ အသက်သွေးကြော နည်းပညာတွေ ဖြစ်နေပါပြီ။ ဒါတွေသာမက သာယာတဲ့ မိသားစုဘဝလေးကိုလည်း ကျွန်တော့် ဇနီးနဲ့အတူ ပိုင်ဆိုင်ခဲ့ပါပြီ။

Apple ကနေသာ ကန်ထုတ်မခံခဲ့ရရင် ဒါတွေဖြစ်လာမှာမဟုတ်တာ သေချာသလောက် ရှိပါတယ်။ ဒါဟာ ဆေးခါးကြီးတစ်ခွက်ပါပဲ၊ ဒါပေမယ့် လိုအပ်ခဲ့တဲ့ ဆေးခါးကြီးပါ။ ဒီလောက်ခက်ခဲကြမ်းတမ်းတဲ့ ကာလမှာ ကျွန်တော်ကို ရှေ့ဆက်နိုင်စေခဲ့တာက ကျွန်တော့်ရဲ့ ဒီအလုပ်ပေါ်မှာ ချစ်မြတ်နိုးစိတ်ပါပဲ။ 

ကျွန်တော်တို့ဟာ ဘဝရဲ့ အချိန်အများစုကို အလုပ်မှာ ကုန်ဆုံးရမှာပါ။ ဘဝတစ်ခုလုံးစာ စိတ်ကျေနပ်ပျော်ရွှင်မှုကို ရဖို့ဆိုရင် အလုပ်မှာ ရလဒ်ကောင်းဖို့ လိုအပ်ပါတယ်။ အလုပ်မှာ ရလဒ်ကောင်းဖို့ဆိုတာ ဒီအလုပ်ကို ကိုယ်က အမှန်တစ်ကယ် ချစ်မြတ်နိုးပြီး စိတ်အားထက်သန်မှု ရှိနေမှသာ ရနိုင်တာပါ။ 

ဒီလို ကိုယ်အမှန်တစ်ကယ် ချစ်မြတ်နိုးတဲ့ အလုပ်ကို ရှာဖွေတွေ့ရှိဖို့ဆိုတာ အလွန်အင်မတန်မှ အရေးကြီးလှပါတယ်။ မတွေ့သေးရင်ရှာပါ။ ဆက်ရှာပါ။ မတွေ့သေးရင် မရပ်လိုက်ပါတယ်။ တွေ့ပြီဆိုရင် ဘာမှပြောနေစရာမလိုပါဘူး၊ နှလုံးသားထဲကနေကို သိနေပါလိမ့်မယ်။ ဘဝလက်တွဲဖော်ကောင်းလိုပါပဲ၊ ချစ်မြတ်နိုးတဲ့အလုပ်ကို တွေ့ပြီဆိုရင် ကြာလာလို့ ရိုးသွားတာမျိုးမဟုတ်ဘဲ၊ ကြာလာလေ ပိုပျော်စရာကောင်းလာလေ ဖြစ်နေပါလိမ့်မယ်။

တတိယသင်ခန်းစာကတော့ သေခြင်းတရားအကြောင်းပါ။

ကျွန်တော့်အသက် (၁၇) နှစ်မှာ နှစ်သက်မိတဲ့ ဆိုရိုးလေးတစ်ခု ဖတ်မိတယ်။ "နေ့တိုင်းနေ့တိုင်းကို သင့်ဘဝရဲ့ နောက်ဆုံးနေ့လို့ သဘောထားပြီး နေထိုင်သွားမယ်ဆိုရင်၊ နောက်ဆုံးမှာ အမှန်ဖြစ်လာမှာပါ" တဲ့။ ဒီဆိုရိုးကြောင့်ပဲ ပြီးခဲ့တဲ့ (၃၃) နှစ်တာကာလ၊ မနက်လင်းတိုင်း မှန်ကြည့်ပြီး ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မေးဖြစ်တယ်။ "ဒီကနေ့ဟာ မင်းဘဝရဲ့ နောက်ဆုံးနေ့ဆိုရင်၊ ဒီကနေ့လုပ်ဖို့ရှိနေတဲ့ အလုပ်တွေကို မင်းတစ်ကယ်ရော လုပ်ချင်ရဲ့လား"။ အဖြေက ခဏခဏ "No" ဖြစ်နေရင် တစ်ခုခုတော့ ပြောင်းလဲဖို့ လိုနေပြီဆိုတဲ့ သဘောပါပဲ။

မကြာခင်သေရမယ်ဆိုတဲ့ သတိတရားဟာ ကျွန်တော်ကိုအများကြီး အထောက်အကူပြုခဲ့တဲ့ အရာတစ်ခုပါ။ ဘေးလူတွေရဲ့ အမြင်တွေ၊ ဂုဏ်မာနတွေ၊ အကြောက်တရားတွေ၊ အရှက်တရားတွေ၊ အရှုံးတွေ၊ အားလုံး အားလုံးဟာ သေမင်းနဲ့ မျက်နှာခြင်းဆိုင်တွေ့တဲ့အချိန်မှာ တစ်ခုမှာ အရေးမပါတော့ပါဘူး။ မကြာခင်သေရမယ်လို့ သဘောထားလိုက်တာနဲ့ ကိုယ့်အတွက်လည်း ဒါတွေက အရေးမပါဘူးဆိုတာ ထင်ရှားသွားစေပါတယ်။ ဒါတွေကိုကြောက်လို့ လုပ်ချင်တာတွေ မလုပ်ရဲ ဖြစ်နေစရာလည်း မလိုအပ်တော့ပါဘူး။

လွန်ခဲ့တဲ့ (၁) နှစ်လောက်က ကျွန်တော့်မှာ ကင်ဆာရောဂါ ရှိနေပြီဆိုတာ သိလိုက်ရပါတယ်။ ဆေးစစ်ကြည့်လိုက်တော့ Pancreas မှာ အကြိတ်ဖြစ်နေပြီတဲ့။ Pancreas ဆိုတာ ဘာမှန်းတောင် ကျွန်တော်မသိပါဘူး။ ဆရာဝန်ကတော့ ကုမရတဲ့ရောဂါ အမျိုးအစားလို့ ပြောပါတယ်။ နောက်ထပ် (၃) လ ကနေ (၆) လထိပဲ အသက်ရှင်နိုင်တော့မယ် တဲ့။ အိမ်ပြန်ပြီး မိသားစုကိစ္စ၊ ပြင်ဆင်စရာရှိတာတွေ သေချာပြင်ဆင်ထားဖို့ထိ ပြောနေပါပြီ။

နေ့စဉ်နေ့တိုင်း ဒီရောဂါနဲ့အတူ ဆက်လက်နေထိုင်ရပါတယ်။ တစ်နေ့တော့ ကျွန်တော့် လည်ချောင်းထဲကို ပိုက်ထိုးထည့်ပြီး အစာအိမ်နဲ့ အူကနေတစ်ဆင့် အပ်နဲ့ထိုးပြီး Pancreas က အသားစကိုယူပြီး စစ်ကြည့်ကြပါတယ်။ ကျွန်တော့်ကို မေ့ဆေးပေးထားပေမယ့် ကျွန်တော့်ဇနီးကပြောပြပါတယ်။ ဆရာဝန်တွေ မျက်ရည်တောင် ဝဲပါတယ် တဲ့။ ဘာကြောင့်လဲဆိုတော့ Pancreas ကင်ဆာတွေထဲမှာမှ ရှားရှားပါးပါး ခွဲစိတ်ကုသမယ်ဆိုရင် ရနိုင်စရာရှိတဲ့ ရောဂါအမျိုးအစား ဖြစ်နေလို့ပါ တဲ့။ ဒါကြောင့် ခွဲစိပ်ကုသပြီး ကျွန်တော်အခုလို ဆက်လက်နေထိုင်နိုင်တာပါ။

ကျွန်တော့်အတွက် ဒါဟာ သေမင်းနဲ့ အနီးစပ်ဆုံးတွေ့လိုက်ရတဲ့ ကာလတစ်ခုပါပဲ။ နောက်နှစ်ပေါင်းများစွာ ထပ်မတွေ့ရဖို့ကိုလည်း ဆုတောင်းမိပါတယ်။

ဘယ်သူမှ မသေချင်ကြပါဘူး။ ကောင်းကင်ဘုံကို ရောက်လိမ့်မယ်လို့ ယုံကြည်သူတွေတောင် မသေချင်ကြပါဘူး။ ဒါပေမယ့် သေခြင်းတရားဆိုတာ ရှောင်လွဲလို့မရနိုင်တဲ့ အရာပါပဲ။ တစ်ကယ်တော့ သေခြင်းတရားဆိုတာ အသစ်တွေအတွက် အဟောင်းတွေကို ဖယ်ရှားပေးတဲ့ ဘဝရဲ့ အကောင်းဆုံးတီထွင်မှု တစ်ခုပါ။ ခင်ဗျားတို့က လက်ရှိမှာ အသစ်တွေပါပဲ။ ဒါပေမယ့် သိပ်မကြာခင် ခင်ဗျားတို့လည်း အဟောင်းတွေ ဖြစ်ကြရမှာပါ။ အမှန်အတိုင်းပြောရပေမယ့် ဒါကို မမေ့ဖို့လိုပါတယ်။

ခင်ဗျားတို့အချိန်တွေမှာ အကန့်အသတ်ရှိပါတယ်။ အချိန်တွေ မဖြုန်းကြပါနဲ့။ သူများတွေဖြစ်စေချင်တဲ့ ပုံစံခွက်ထဲမှာ လိုက်နေရင်း အချိန်တွေကုန်နေတာမျိုးကို မဖြစ်ပါစေနဲ့။ သူများတွေရဲ့ ဆူဆူညံညံ ဘေးကအမြင်တွေကြောင့် ကိုယ့်ရဲ့နှလုံးသားထဲက အသံကို ဖုံးလွှမ်းမခံပါနဲ့။ အရေးအကြီးဆုံးကတော့ ကိုယ့်နှလုံးသားက ပြောနေတဲ့နောက်ကို လိုက်ရဲတဲ့ သတ္တိရှိကြပါ။ ကိုယ့်အတွက် အကောင်းဆုံးက ဘာလဲဆိုတာ ကိုယ့်နှလုံးသားက အသိဆုံးပါပဲ။

ကျွန်တော်ငယ်စဉ်က ဖတ်ရတဲ့ "The Whole Earth Catalog" ဆိုတဲ့ စာစဉ် ရှိပါတယ်။ ၁၉၆၀ ကာလ၊ ကွန်ပျူတာမပေါ်ခင်က ထုတ်ဝေခဲ့တာမို့လို့ လက်နှိပ်စက်တွေ၊ ကတ်ကြီးတွေ၊ ပိုလာရိုက်ကင်မရာတွေနဲ့ ပေါင်းစပ်ထုတ်ဝေထားတဲ့ စာစဉ်တစ်ခုပါ။ ကျွန်တော်တို့အတွက် အဲ့ဒီစာအုပ်ဟာ Google မပေါ်ခင်က Google ပါပဲ။

အဲ့ဒီစာစဉ်တွေထဲက နောက်ဆုံးတစ်အုပ်ရဲ့ နောက်ဖုံးမှာ အဝေးပြေးလမ်းမကြီးတစ်ခုရဲ့ ပုံနဲ့အတူ အောက်ခြေနားမှာ "Stay Hungry. Stay Foolish." ဆိုတဲ့ စာလေးတစ်စု ရေးထားတာကို မှတ်မိပါသေးတယ်။ ဒီစာစဉ်ထုတ်ဝေသူတွေရဲ့ နှုတ်ဆက်စကားလေးပါပဲ။

ကျွန်တော်ကလည်း ခင်ဗျားတို့ကို ဒီစကားလေးနဲ့ပဲ နိဂုံးချုပ်အနေနဲ့ လက်ဆောင်ပါးလိုက်ပါတယ်။

"ဆာလောင်ပါ၊ ရူးသွပ်ပါ" 
"Stay Hungry. Stay Foolish."

Never let go of your appetite to go after new ideas, new experiences, and new adventures.

အားလုံးကို ကျေးဇူးတင်ပါတယ်။

credit: KoEiMaung

source::https://news.stanford.edu/2005/06/12/youve-got-find-love-jobs-says/

Random Quote

—