Skip to main content

sawsan ဒေါသ

ဒေါသဖြစ်တာနည်းလာရင် ကိုယ်လည်း စိတ်ပိုချမ်းသာမယ်။ ကိုယ့်မိသားစုလည်း စိတ်ပိုချမ်းသာမယ်။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေလည်း စိတ်ပိုချမ်းသာမယ်။ ဒေါသနည်းရင် စိတ်မငြိမ်မှုနည်းသွားတယ်။ အရင်စလိုလုပ်တာ၊ပြောတာ နည်းသွားတယ်။ဒေါသဖြစ်တာကိုသိတာ များလာလေလေ ဒေါသ နည်းသွားလေလေပဲ။ ကြောက်တာ၊ စိုးရိမ်တာကိုသိလေလေ ကြောက်တာစိုးရိမ်တာ နည်းသွားလေလေပဲ။ အဲဒါ တကယ်လက်တွေ့လုပ်ကြည့်မှပဲ သိမယ်။

🔥🔥🔥🔥

ဒေါသနဲ့ပေါက်ကွဲတာလည်း မကောင်းဘူး။ အရှုံးပေးပြီး ကျိတ်ပြီးဒေါသဖြစ်တာ၊ ကိုယ့်ကိုယ်ကိုအပြစ်တင်နေတာလည်း မကောင်းဘူး။ ဒါကြောင့် ဒီဒေါသအကြောင်းကို သေသေချာချာ လေ့လာသင့်တယ်။ အဆင်မပြေတာ၊ မကြိုက်တာ၊ မတရားတာနဲ့ကြုံရရင် ဒေါသဖြစ်တတ်တာ လူ့သဘာဝပါပဲ။ ဒါပေမဲ့ ဒေါသဖြစ်တာ မကျေမနပ်ဖြစ်တာ များလွန်းနေရင်တော့ ကိုယ့်သဘောထား ကိုယ့်ခံယူချက် မှားနေတယ်လို့  နားလည်သင့်တယ်။

🔥🔥🔥🔥

 တချို့ကိစ္စတွေမှာ ကိုယ်ကဒေါသမဖြစ်ပဲနေရင် ကိုယ့်ကို သတ္တိမရှိဘူး၊ ညံ့တယ်၊ ပျော့တယ်၊ အတယ်လို့ အထင်ခံရမှာကြောက်လို့ ဒေါသဖြစ်တာ။ ဒေါသမဖြစ်ပဲနေရင် ဂုဏ်သိက္ခာကျမယ်လို့ ထင်တယ်။ ဒါကြောင့် ကိုယ့်ကိုလေးစားမှုပိုရှိအောင်  ဒေါသဖြစ်လိုက်ရတယ်။ ဒါမျိုးကို ငါလက်မခံဘူး၊  ငါ့ကို ဒါမျိုးလာလုပ်လို့မရဘူး၊ နဂါးမှန်းသိအောင် အမောက်ထောင်ပြမှဖြစ်မယ်။ လူတွေက ရေမြွေလို့ထင်ရင် ရိုက်ချင်တယ်။ အဲဒီလို သူများကလည်း ကိုယ့်ကိုလေးစားမှုပိုရှိအောင် ဒေါသဖြစ်ပြကြတယ်။ ဒါကြောင့် တယောက်ကိုတယောက် လေးလေးစားစားပြောရင် ဒေါသဖြစ်တာနဲသွားမယ်။

🔥🔥🔥🔥

ကိုယ့်ကိုမလေးစားဘူးထင်လို့ လေးစားလာအောင် ဒေါသကြီးကြီးနဲ့ ပြောမယ်၊ ဆိုမယ်၊ လုပ်မယ်ဆိုရင် ကိုယ့်ဂုဏ်သိက္ခာ တကယ်တက်လာသလား။ ကိုယ့်ကို ကြောက်ရင်တော့ကြောက်သွားမယ်၊ ကိုယ့်ကို တကယ်လေးစားမှာမဟုတ်ဘူး။ ကိုယ့်ဂုဏ်သိက္ခာ တကယ်တက်မလာဘူး။ ဒေါသကြီးကြီးနဲ့ အော်ရင်၊ ငေါက်ရင်၊ ရိုက်ရင် အပြစ်ဒဏ်ပေးရင် ရွံကြောက်ဖြစ်သွားမယ်။ ချစ်ခင်လေးစားမှုတော့ ရမှာမဟုတ်ဘူး။

🔥🔥🔥🔥

သောကတို့၊ ဒေါသတို့က ကိုယ့်ကို အမြင်ကျဉ်းမြောင်းသွားစေတယ်။ ရေရှည်ကိုမကြည့်နိုင်မမြင်နိုင်တော့ပဲ လတ်တလောစိတ်သက်သာမှုရအောင် ပေါက်ကွဲစေတယ်။ ဆုံးဖြတ်ချက်တွေ မှားယွင်းစေတယ်။ အမှားတွေ လုပ်စေတယ်။ ပြီးတော့ အဲဒီအမှားတွေကြောင့် အဆင်မပြေမှုတွေပိုများပြီးတော့ ဒေါသတွေ၊ သောကတွေ ထပ်ပွားစေတယ်။ ဒါကြောင့် ဒေါသဖြစ်နေတာကိုသက်သာအောင် ကိုယ့်စိတ်ကို ကိုယ်သိနေတဲ့အကျင့်ကို လုပ်သင့်တယ်။ အမှားနဲလာလေ သောကနဲလာလေ၊ သောကနဲလာလေ အလုပ်ကိုပိုကောင်းအောင် လုပ်နိုင် လာလေဖြစ်လာတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှု အများကြီးရှိလာလေဖြစ်လာလို့ အလုပ်ကို ပိုပြီး နိုင်နိုင်နင်းနင်း လုပ်နိုင်လေဖြစ်လာတယ်။ တဖြည်းဖြည်း စိတ်အေးချမ်းလာတယ်။ လုပ်စရာရှိတာကို ခေါင်းအေးအေးနဲ့လုပ်နိုင်လာတယ်။ ပြောစရာရှိတာတွေကို အေးအေးဆေးဆေး ပြောနိုင်လာတယ်။

🔥🔥🔥🔥

ပျားဟာ မြွေခေါင်းကို မိမိရရတုတ်ထားပြီး မလွှတ်ဘူး။ အဲဒီအချိန်မှာ လှည်းတစီးလာနေတာမြင်တော့ မြွှေက စဉ်းစားတယ်၊ ဒီပျားကိုတော့ သေအောင်သတ်မယ်၊ ငါ့အကြောင်းကို သိစေမယ်ဆိုပြီး လှည်းလမ်းကြောင်း တည့်တည့်မှာ ခေါင်းကိုထားလိုက်တယ်။ လှည်းကြီးမောင်းလာတော့ ကျိတ်သွားတယ်။ ပျားဟာစိစိညက်ညက် ကျေသွားတယ်။ မြွှေကကော ဘာဖြစ်သွားသလဲ။ တချို့လူတွေဟာ အဲဒီမြွှေလိုပဲ။

🔥🔥🔥🔥

ကိုယ့်ကို သူတပါးက ပြိုင်တာ၊ ဆိုင်တာ၊ ရန်လုပ်တာ၊ တနည်းအားဖြင့် ကိုယ့်အယူအဆ မကောင်းဘူး၊ မမှန်ဘူးလို့ ပြောတာဆိုတာဟာ ဘုရားတောင်ခံရတယ်တဲ့နော်။ ကျန်တဲ့လူတွေမှာ လွတ်နိုင်ဖို့ရာအကြောင်း ရှိပါ့မလား။ မရှိနိုင်ဘူးနော်။

🔥🔥🔥🔥

ဘယ်အလုပ်မျိုးဖြစ်ဖြစ် ပြိုင်ဖက်ရှိပါတယ်။ ရေရှည်မှာ ကိုယ့်လုပ်ငန်းအဆင်ပြေချင်ရင်၊ ပြိုင်ဖက်တွေကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာ နဲချင်ရင် ပြိုင်ဖက်တွေ အပေါ်မှာ သဘောထားကြီးကြီးထားပါ။ ပြိုင်ဖက်ရှိတာ ကောင်းတယ်လို့ သဘောထားပါ။ ပြိုင်ဖက်တွေကိုလည်း ကိုယ်တတ်နိုင်တဲ့အကူအညီပေးပါ။

🔥🔥🔥🔥

ဒေါသဟာ ကိုယ့်ကို မတရားတဲ့သူ၊မမျှတတဲ့သူဖြစ်အောင်၊ ကြမ်းကြုတ်ရက်စက်တဲ့သူဖြစ်အောင် လုပ်တယ်။ ဒေါသကြီးလာရင် တရားတယ်၊မတရားဘူး၊ မျှတတယ်၊မမျှတဘူး၊ လုပ်သင့်တယ်၊မလုပ်သင့်ဘူးဆိုတာကို မချင့်ချိန်နိုင်တော့ဘူး။ လွန်လွန်ကျွံကျွံ ပြောမိတတ်တယ်။ အမှားတွေ လုပ်မိတတ်တယ်။ အဲဒီတော့ ပြဿနာတွေက ပိုပြီးတက်သွားတယ်။ အဲဒီပြဿနာတွေကို လိုက်ပြီးဖြေရှင်းရတာ အချိန်ကုန်တယ်၊ ငွေကုန်တယ်၊ လူပင်ပန်းတယ်။ ဒါကြောင့် ဒေါသဟာတွက်ခြေမကိုက်ဘူး။ ပေးရတာများပြီးတော့ ပြန်ရတာနဲတယ်။

🔥🔥🔥🔥

သူများအကြောင်းကို အပြစ်ရှာနေတာဟာ ကိုယ့်မှာ တကယ်တန်ဖိုးရှိတဲ့အလုပ် လုပ်စရာမရှိလို့ပဲ။ တန်ဖိုးရှိတဲ့အလုပ်ကို အချိန်ပြည့်လုပ်နေတဲ့သူမှာ ဘယ်သူ့ကိုမှ တာရှည်စိတ်ဆိုးနေဖို့ အချိန်မရှိဘူး။ သူများကိုစိတ်ဆိုးနေတုံးမှာ ကိုယ့်အသိဥာဏ်မထွက်တော့ဘူး။

🔥🔥🔥🔥

နေ့တိုင်း စိတ်ဆိုးနေ၊ စိတ်တိုနေရင် ကြမ်းတမ်းတဲ့သူ ဖြစ်လာတယ်။ ကိုယ့်ဒေါသကကိုယ့်ကို လွှမ်းမိုးကြီးစိုးပြီးတော့ခိုင်းတာတွေကို မလုပ်မိအောင်သတိထားရမယ်။ ဒေါသကိုဆရာတင်မိရင် မှားမယ်။ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်တိုစရာ၊ စိတ်ဆိုးစရာ၊ ဒေါသဖြစ်စရာတွေဟာ ကိုယ့်ရဲ့ စိတ်အင်အားနဲ့စိတ်အခြေအနေ စိတ်ကြည်လင်ရွှင်လန်းမှုကို ဖျက်ဆီးနေတဲ့အရာတွေထဲမှာ အကြီးမားဆုံးပဲ။ ဒါကြောင့် နေ့တိုင်းနေ့တိုင်း ထပ်တလဲလဲကြုံတွေ့နေရတဲ့ စိတ်တိုစရာတွေကို သတိထားရမယ်။ ဒီစိတ်တိုစရာတွေဟာ ကိုယ်နဲ့အမြဲလိုလိုရှိနေတတ်တဲ့ အဖေါ်ပဲ။ (အဖေါ်ကောင်းတော့ မဟုတ်ဘူး။) သူတို့ကိုကိုင်တွယ်တတ်အောင် လေ့လာထားရမယ်။ သူတို့နဲ့နေတတ်အောင်လည်း လုပ်ထားရမယ်။ လုံးလုံးကြီးရှောင်လို့က ဖြစ်နိုင်တာမှမဟုတ်ပဲနော်။

🔥🔥🔥🔥

ကိုယ့်ငွေတွေနဲ့အချိန်တွေ အကျိုးမဲ့လေလွင့်မှုဖြစ်နေတာ၊ ကုန်သွားနေတာကို ဘယ်သူမဆိုနှမြောတတ်ကြတယ်။ အဲဒီလိုပဲ ကိုယ့်စိတ်အင်အားတွေ၊ စိတ်ကြည်လင်မှုတွေကို မဖြစ်စလောက် ကိစ္စအသေးအမွှားလေးတွေနဲ့ နေ့စဉ် စိတ်တိုရင်းကုန်သွားနေတာကို နှမြောတတ်ဖို့လိုပါတယ်။ လောကကြီးက ကိုယ့်စိတ်တိုင်းကျ ဖန်တီးထားပြီး ကိုယ့်အလာကို စောင့်မျှော်ကြိုဆိုနေတာမှ မဟုတ်တာ။ သူ့ဟာသူ ဖြစ်ချင်သလိုဖြစ်နေတဲ့ လောကကြီး။ ဒီလောကကြီးထဲမှာ ကိုယ်ကမွေးဖွားလာရတာ၊ ဒါကိုနားလည်ပြီး adapt လုပ်ပြီး၊ ညှိနိုင်းပြီးနေသွားရမှာ။

🔥🔥🔥🔥

ဒေါသဖြစ်ရတာနဲချင်ရင်၊ စိတ်ပျက်ရတာနဲချင်ရင် အသွားရှိတိုင်း အပြန်မရှိနိုင်ဘူးဆိုတာကို မမေ့ပါနဲ့။ ကိုယ်တတ်နိုင်တဲ့အခါ ဘာမှပြန်မမျှော်လင့်ပဲ ကူညီလိုက်ပါ။ အရေးမကြီးတဲ့ရပိုင်ခွင့်တချို့ကို မရမက ရအောင်မလုပ်ပါနဲ့။ သူ့ထက်အရေးကြီးတဲ့ကိစ္စတွေကို အချိန်ပေးပါ။ တရာတန်လောက်ကိစ္စကြောင့် ဒေါသဖြစ်နေရင် တသိန်းတန်လောက်ကိစ္စမှာ လစ်ဟင်းသွားနိုင်တယ်။ ကိုယ့်အချိန်နဲ့ အင်အားကို ပိုပြီးအကျိုးများမဲ့နေရာမှာ သုံးပါ။ အသေးအမွှားရပိုင်ခွင့်ကို အချိန်ကုန်ခံပြီး မရမက ရအောင်လုပ်နေရင် ကိုယ့်စိတ်ထားပါနိမ့်ကျသွားတယ်။

🔥🔥🔥🔥

သူတပါးရဲ့ ရိုင်းစိုင်းတဲ့အမူအရာ၊ အဆင့်အတန်းနိမ့်တဲ့ အမူအရာကြောင့် ကိုယ့်မှာ ဒေါသယမ်းအိုးမပေါက်အောင် သတိထားပါ။ ဘယ်သူ့ကိုမှ အလွန်အကျွံအလိုမလိုက်ပါနဲ့။ အလိုလိုက်တာများလေ ရတာနဲ့မကျေနပ်လေ ဖြစ်တတ်တယ်။

🔥🔥🔥🔥

“ပရေစ နဝိဇာနန္တိ၊ မယမေတ္ထ၊ယမာမသေ” တဲ့။ 

☄ပညာနဲတဲ့တချို့လူတွေဟာ တို့သေမှာပါလားဆိုတာကို သတိမရဘူး။ မသိဘူး။ မေ့နေတယ်။

“ပရေစ နဝိဇာနန္တိ၊ မယမေတ္ထ ယမာမသေ။ ယေစ တတ္ထ ဝိဇာနန္တိ၊ သတောသမ္မန္တိမေဒဂါ။” တဲ့။ 

☄ပညာရှိတချို့ကတော့ တနေ့ တို့သေမှာပါလားဆိုတာကို သိတဲ့အတွက်ကြောင့် ခိုက်ရန်ဒေါသမဖြစ်ကြဘူး။ အငြင်းအခုံမဖြစ်ကြဘူး။ ခိုက်ရန်ဒေါသတွေဟာ ပြေငြိမ်းပါတယ်တဲ့၊၊💧💧💧

   

   ➖➖➖➖➖🌹🌹🌹➖➖➖➖➖


 🍀ဆရာတော်ဦးဇောတိက🍀

     🍂( မဟာမြိုင်တောရ )🍂

                      ၏

🌾“ တွေးမိတိုင်းပျော်တယ် ”🌾

  စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊

Random Quote

—