ဗုဒ္ဓမြတ်စွယ်တော်

မနေ့ညက နေပြည်တော် ဥပ္ပာဒသန္တိ စေတီတော်မှာ ရောက်နေတဲ့ တရုတ်ပြည်က ဗုဒ္ဓမြတ်စွယ်တော် ကို သွားဖူးဖြစ်တယ်။ မနေ့က နောက်ဆုံးညပဲ ဒီနေ့မနက် ပြန်ကြွသွားတယ်။ ကျနော်လည်း နေပြည်တော်မှာ ရောက်တာ ၃ နှစ်ကျော်လောက်ရှိပြီ။ ကိုယ်ပါနဲ့ကိုယ် ဘုရား မသွားဖြစ်ဘူး။ TU က သူငယ်ချင်းတွေ PSC စာမေးပွဲလာဖြေတုန်း ခဏပဲ အလည်လိုက်ပို့ရင်း
တစ်ခေါက် နှစ်ခေါက်ပဲ ရောက်ဖြစ်သေးတယ်။ မနေ့ညကမှ စွယ်တော် အကြောင်းပြုပြီး တစ်ခေါက်ထပ်ရောက်တယ်။ ဘုရားရောက်တော့ စိတ်ထဲမှာ အတော်အေးချမ်းသွားတာတော့အမှန်ပဲ။ ပတ်ဝန်းကျင်က ဘုရားဖူးလာတဲ့သူတွေရဲ့ မျက်နာတွေကလည်း အားလုံးအေးချမ်းတဲ့ မျက်နာလေးတွေနဲ့ ကိုယ်ကိုတိုင်ကော ပတ်ဝန်းကျင်က လူတွေကော ဘုရားရင်ပြင်တော်မှာ စိတ်လေးတွေ ငြိမ်းချမ်းပြီး အေးမြနေတာလေးကို သတိထားကြည့်မိတယ်။ အဲ့အချိန်လေးဟာဆို တော်တော်လေး အဖိုးတန်တဲ့ အချိန်လေးလို့ ဆိုရမယ်။ ပုံမှန်ဆို ဒီလိုညပိုင်းအချိန်တွေမှာ MTV ကြည့်ရင်ကြည့် မကြည့်ဖြစ်ရင် Computer ကလိနေတာများတယ်။ မနေ့ညကတော့ စွယ်တော် အကြောင်းပြုပြီး စိတ်အေးချမ်းမှု ခဏတော့ ရလိုက်ပါတယ်။ စွယ်တော်ရဲ့ ပုံတော်ကို online က သူငယ်ချင်းတွေလည်း ကုသိုလ်ယူ ဖူးမြော်နိုင်အောင် ကျနော် ယူလာခဲ့ပါသေးတယ်။