သတိဆိုတဲ့ နေအိမ်

I have no enemy.
I make carelessness my enemy.
ငါ့မှာ ရန်သူ မရှိပါဘူး။
ငါဟာ သတိမပါ၊ ဉာဏ်မပါ ပေါ့ပေါ့တန်တန် ဖြစ်သလို နေတတ် လုပ်တတ်တာကိုပဲ ငါ့ရန်သူလို့ သဘောထားပါတယ်။
လောကသဘာဝမှာ ချစ်တဲ့သူရှိသလို မုန်းတဲ့သူလည်းပဲ ရှိပါတယ်နော်။ မြတ်စွာဘုရားမှာလည်း ရန်သူရှိခဲ့ပါတယ်။ မြတ်စွာဘုရားတောင်မှ ရန်သူရှိခဲ့တယ်ဆိုတော့ သာမန်လူတွေမှာ ရန်သူရှိမှာ ဧကန်မုချပဲ။ သို့သော် ကဗျာရေးတဲ့သူဟာ အင်မတန်လေးနက်တဲ့ တရားသဘောဆန်တဲ့ အကြောင်းအရာကို ပြောနေတာဆိုတော့ ကြောက်စရာ အကောင်းဆုံး ရန်သူဟာ သတိမပါ၊ ဉာဏ်မပါ ပေါ့ပေါ့တန်တန် ဖြစ်သလို ပြီးစလွယ် လုပ်တက်တာကို ရန်သူလို့ ဆိုလိုချင်တာပါ။ အင်မတန်လေးနက်တဲ့ စကားပါနော်။ နက်နက်နဲနဲ စဉ်းစားစေချင်တယ်။
ဘဝကို ညံ့ဖျင်းသွားစေတဲ့အရာထဲမှာ သတိမပါ ဉာဏ်မပါ ဖြစ်သလို နေတတ်လုပ်တတ်တာဟာ ထိပ်ဆုံးက ပါနေတယ်။ ပါဋ္ဌိစကားသုံးပြီးတော့ ပြောမယ်ဆိုရင် အဝိဇ္ဇာ၊ မောဟ၊ ပမာဒတွေပဲ။ သတိနဲ့ ဉာဏ်ပါပြီဆိုရင် ဝိဇ္ဇာဆိုတဲ့ သိမှုဖြစ်သွားပြီ။ ဒါဆိုရင် အမောဟ၊ အပ္ပမာဒ ဖြစ်သွားပြီ။
သတိမရှိခြင်း၊ ဉာဏ်မရှိခြင်းဟာ အကြီးမားဆုံးရန်သူ။
ဘာလုပ်လုပ် သတိပါမှ၊ ဘာပဲတွေးတွေး သတိပါမှ၊ သတိက ရှေ့က အရင်ပါရမယ်။ သတိကောင်းလာရင် ဉာဏ်လိုက်လာတယ်။ သတိက ရှေ့က မသွားဘဲနဲ့ ဉာဏ်မဖြစ်နိုင်ဘူး။ သတိမပါဘဲ ဉာဏ် မဖြစ်နိုင်ဘူး။ အဲဒါကို သဘောပေါက်ဖို့ အရေးကြီးတယ်။
စိတ်နဲ့ စေတသိက် ယှဉ်ပုံကို သေသေချာချာ လေ့လာကြည့်လိုက်တော့ သတိမယှဉ်တဲ့စိတ်ဟာ ပညာလုံးဝမပါမှန်း သိရတယ်။ သတိမပါရင် ဉာဏ်မဖြစ်ဘူး။
ဘဝရဲ့ အရည်အသွေးကို ကောင်းစေတာ အသိဉာဏ်ပဲ။ ဘဝရဲ့ အရည်အသွေးကို ပျက်စီးသွားစေတာ အသိဉာဏ် မရှိခြင်းဘဲ။ အသိဉာဏ်ရှိဖို့ဆိုတာ အသိရှိမှ ဖြစ်မယ်။ သတိမပါ ဉာဏ်မပါ ပေါ့ပေါ့တန်တန် လုပ်ပြီဆိုရင် ဘာမှ ကောင်းတာ မရနိုင်တော့ဘူး။ ဘဝရဲ့ အရည်အသွေးတစ်ခုလုံး ကျသွားသည်အထိ ဖြစ်နိုင်တယ်။ ရုပ်ပိုင်းတိုးတက်မှုလည်း ကျသွားတယ်။
တစ်ချို့လူငယ်တွေ သတိမပါ၊ ဉာဏ်မပါ၊ ဝီရိယ မရှိဘဲ အချိန်ဖြုန်းနေကြတာတွေ့တယ်။ သူတို့ရဲ့ ဘဝအရည်အသွေးဟာ ညံ့တော့မှာပဲ။ ဘာကိုမှ လေးလေးစားစား တန်ဖိုးထားပြီး အားသွန်ခွန်စိုက် လုပ်မှာ မဟုတ်တော့ဘူး။ ဒါဆိုရင် သူဟာ အောင်မြင်တဲ့သူ၊ ကြီးပွားတဲ့သူ၊ အစွမ်းအစရှိတဲ့သူ၊ အရည်အချင်းပြည့်ဝတဲ့သူ၊ လုပ်ရဲကိုင်ရဲတဲ့သူ ဖြစ်မှာ မဟုတ်တော့ဘူး။ ဒီလိုလူတွေ လောကကြီးမှာ များလာရင် ဘယ်လောက် ထိခိုက်နစ်နာမှုကြီးလာမလဲဆိုတာ စဉ်းစားကြည့်ပါ။ လူငယ်တွေကို ဒီလို မဖြစ်စေချင်ဘူး။ နှမြောလို့ ပြောတာပါ။ အပြစ်တင် ရှုတ်ချနေတာ မဟုတ်ပါဘူး။
လူတိုင်းမှာ အရည်အချင်းကောင်းတွေဟာ မျိုးစေ့အနေနဲ့ ရှိပြီးသားပါ။ သူ့ကို ကြီးထွားအောင်၊ အကောင်အထည်ပေါ်အောင် ပြုစုပျိုးထောင် ပေးဖို့ပဲ လိုတာပါ။
ငယ်ငယ်တုန်းက ကိုယ်ကိုယ်တိုင်လည်း ရည်မှန်းချက်တွေ အများကြီးထားခဲ့တယ်။ ဖြစ်တာတွေလည်း ရှိတယ်။ မဖြစ်တာတွေလည်း ရှိတယ်။ ကိုယ်ကိုယ်တိုင် ရည်မှန်းချက်မြင့်မြင့်မားမားထားခဲ့လို့ အခု ဖြစ်သလောက်တော့ ဖြစ်လာတယ်။ လူတိုင်းကိုလည်း ရည်မှန်းချက် မြင့်မြင့်မားမားထားပြီး လက်ရှိအခြေအနေမှာ ဖြစ်နိုင်တာကို လုပ်ပြီးတော့ ကြီးပွားအောင်မြင် စေချင်တယ်။ မဖြစ်တာတွေအတွက် ထိုင်ပြီးတော့ စိတ်ညစ် စိတ်ပျက် မနေစေချင်ဘူး။ မဖြစ်တာတွေ ထားလိုက်ပါ။ အခြေအနေအရ လုပ်လို့ မဖြစ်တာတွေ အများကြီးရှိပါတယ်။
သို့သော် လုပ်လို့ ဖြစ်နေတာကို ရှာပြီး၊ ကြိုးစားပြီး လုပ်မယ်ဆိုရင် လုပ်စရာတွေ အများကြီးပါ။ အချိန်ဖြုန်းဖို့ ဆိုတာ မရှိတော့ဘူး။ အချိန်ဖြုန်းစရာအကြောင်းလည်း လုံးဝမရှိတော့ဘူး။
အခု လူတွေ ကြည့်ရတာ အချိန်တွေ ပိုနေကြသလိုပဲ။ ဘာမှလုပ်စရာမရှိတော့သလို ဖြစ်နေတယ်။ နှမြောစရာကောင်းလိုက်တာနော်။ အတိုင်းအဆမရှိတဲ့ လူ့အရည်အချင်းတွေ ထွက်ခွင့်မရတော့ဘူး။ ဒီလို ပေါ့ပေါ့တန်တန် အချိန်ဖြုန်းနေတာ ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာကို နားလည်ဖို့ သိပ်အရေးကြီးတယ်…
– ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ၊ သတိဆိုတဲ့ နေအိမ် စာအုပ်မှ ….
source : http://sawsan23.com