အခွင့်အရေးဆိုတာ ကိုယ့်ဘဝကို ကိုယ် တာဝန်ယူနိုင်တဲ့ သူအတွက်ပဲဖြစ်တယ်။ တာဝန်မဲ့နေတဲ့သူ၊ စည်းမဲ့ကမ်းမဲ့ နေတဲ့သူဟာ လွတ်လပ်မှုနဲ့ မတန်တဲ့သူဖြစ်တယ်

ကိုယ့်ဘဝကိုကိုယ် တာဝန်မယူနိုင်တဲ့သူဟာ မေတ္တာဆိုတာကိုလည်း သူနားလည်မှာ မဟုတ်ဘူး။ မှီခိုတာ၊ တွယ်တာတာ၊ အားကိုးတာ၊ သနားတာကို သူနားလည်နိုင်မယ်။
မေတ္တာဆိုတာကို သူ နားမလည်နိုင်ဘူး။ မေတ္တာဆိုတာ လွတ်လပ်တဲ့သူ စိတ်ဓတ်အင်အားကြီးတဲ့သူ သူ့စိတ်မှာ ပြည့်စုံနေတဲ့သူရဲ့ စိတ်မှာ အလိုအလျောက်ဖြစ်လာတာ။ လုပ်ယူရတာ မဟုတ်ဘူး။
မေတ္တာမှာ ဘာမျှော်လင့်ချက်မှ မရှိဘူး။ ဘာမျှော်လင့်ချက်မှ မရှိဘဲ ချစ်တာဟာ အင်မတန် စိတ်ဓတ်အင်အားကြီးပြီး လွတ်လပ်နေမှ ဖြစ်နိုင်တယ်။
မေတ္တာဟာ လွမ်းမိုးမှု မရှိဘူး။ မချုပ်ချယ်ဘူး။ မလွှမ်းမိုးပဲ ချစ်တယ်ဆိုတာလည်း စိတ်ဓတ် အင်မတန် ရင့်ကျက်ပြီး ပြည့်စုံနေမှ ဖြစ်နိုင်တယ်။
ကိုယ့်မှာ ချို့တဲ့နေရင် သူများဘဝနဲ့ ကိုယ့်ရဲ့ ချို့တဲ့မှုကို ဖြည့်ချင်တယ်။ အဲဒီလိုလူဟာ သူများကို ချုပ်ချယ်တယ်။ သူများဟာ ကိုယ့်ဘဝကို ပြည့်စုံသွားအောင် လုပ်ရမယ့် အသုံးခံပစ္စည်း ဖြစ်သွားတယ်။
ဒါကြောင့် မပြည့်စုံတဲ့ သူဟာ အရာရာတိုင်းကို သုံးဖို့ပဲ စိတ်ကူးတယ်။ ပြည့်စုံနေတဲ့သူဟာ မြတ်နိုးတယ်။ မြတ်နို်းနိုင်တာဟာ သူ့ရဲ့ စိတ်ကို ချမ်းမြေ့စေတယ်။
မှီခိုနေသူ နှစ်ဦးဟာ တစ်ဦးကို တစ်ဦး သုံးနေတယ်။ အသုံးတဲ့နေလို့ မခွဲနိုင်တာကို မေတ္တာလို့ အထင်မှားနေကြတယ်။ သနားတာနဲ့ မေတ္တာနဲ့ မတူဘူး။

ဒီစာလေးတွေက လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျနော်ဖတ်ခဲ့တဲ့ ဆရာတော်ဦးဇောတိကရေးတဲ့ စာအုပ်တစ်အုပ်ထဲကပါ။
အခု အဲ့စာအုပ်ကို ပြန်ဖတ်ရင်း Internet ထဲမှာ စာလာဖတ်ကြတဲ့ သူငယ်ချင်းများနှင့် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကျနော်အသိမိတ်ဆွေ၊ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး
စာအုပ်ထဲကအတိုင်း ကျနော်စာရိုက်ပြီးပေးလိုက်တာပါ။
“အတန်းပညာ၊ အတက်ပညာ၊ အသိပညာ တို့တွင် အသိပညာသာ အများဆုံးရှိချင်ပါသည်”
“ဘဝနဲ့ ဆန္ဒ တစ်ထပ်တည်းကျဖို့ထက် အသိနဲ့ အကျင့်တစ်ထပ်တည်းကျဖို့က နံပါတ်တစ်လို့ ကိုယ့်ကိုကိုယ် အမြဲပြောနေမိပါတယ်…. ”

source : www.sawsan23.com