သေချာတာတစ်ခုက သေမှာပါ

“သေခြင်းတရားဟာ သူတော်ကောင်းတို့ရဲ့ မိတ်ဆွေ” ဆိုတဲ့ စကားကို အမြဲတမ်းလိုလို ကြားယောင်နေမိပါတယ်။ ဒီစကားသံလေး ကြားယောင်တိုင်းမှာ သမုတိမရဏကို ဆင်ခြင်ဖြစ်သွားပါတယ်။ တစ်သက်တစ်ခါသေရမယ့် သမုတိမရဏဟာ သံဝေဂဉာဏ်အတွက် အထောက်အပံ့ကောင်းတစ်ခုပါပဲ။ သို့မဟုတ်ရင် သူများတွေပဲ သေပြီး ကိုယ်တစ်ယောက်ပဲ မသေတော့သလို၊ သူများတွေရဲ့ နာရေးကြော်ငြာတွေကိုပဲ ကိုယ်ဖတ်နေရပြီး ကိုယ့်နာရေးကြော်ငြာကို သူများတွေ ဖတ်ခွင့်မရှိတော့သလို ဖြစ်တက်ပါတယ်။ ကိုယ့်ကိုယ်ကို မသေတော့ဘူး၊ မသေနိုင်ဘူး၊ မသေသေးဘူးလို့ ထင်ထားတဲ့သူဟာ ပညာတက်ရင် တက်သလို မာနတွေ မို့မောက်လာတက်ပါတယ်၊ ဥစ္စာရှိရင် ရှိသလို မာနတွေ ပြည့်လျှံလာတက်ပါတယ်။ ရာထူးရှိရင် ရှိသလို၊ အရွယ်ရှိရင် ရှိသလို၊ နာမည်ကျော်ရင် ကျော်သလို လောကီဂုဏ်တွေမြင့်ရင် မြင့်သလို၊ မာနအဆိပ်တွေကို သောက်မျိုနေမိတက်ပါတယ်။ “ ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီ” အချိန်မရွေး သေသွားနိုင်တယ်လို့ ဆုံဖြတ်ချက်ချမထားရင်ပြောတာ၊ ပြုတာ၊ တွေးတာတွေမှာ၊ တဏှာ၊ မာန၊ ဒိဋ္ဌိတရားတွေကသာ ခိုအောင်းနေပြီး မရှိတဲ့ “ငါ”ကို အရှိထင်မှတ်ပြီး ဦးစားပေးရှေ့တန်းတင် နေဖြစ်တတ်တယ်။ ဒါကြောင့်မို့ “ ဝိပဿနာအစ သံဝေဂဉာဏ်က” လို့ ဆရာအရှင်တွေက ဆုံးမထားခဲ့ကြတာပေါ့။ သံဝေဂဉာဏ်မှ မရှိသေးရင် ဝိပဿနာတရား အားထုတ်ဖြစ်ဖို့ဆိုတာ အတော့်ကို ခက်ခဲလှပါတယ်။ ကိုယ်သန္တာန်မှာ သံဝေဂဉာဏ်ဖြစ်စေဖို့ အကောင်းဆုံးအထောက်အပံ့က သေခြင်းတရားကို ဆင်ခြင်ပွားများခြင်းပါပဲ။ ကိုယ့်သက်တမ်းတစ်လျောက် ကြုံခဲ့သမျှ၊ တွေထိခဲ့သမျှအာရုံတွေကို ပြန်ဆင်ခြင်ကြည့်ရင် ကိုယ်ဟာ အာရုံရဲ့ သားကောင်ဖြစ်မှန်းမသိ ဖြစ်နေခဲ့တာ တွေ့ရပါလိမ့်မယ်။ အာရုံတွေခေါ်ဆောင်ရာနောက်ကို စိတ်က ယောင်ချာချာလိုက်ပါရင်းနဲ့ မသိမှုနယ်ပယ်ကြီးထဲမှာ အကန့်မသတ်မရှိ လွင့်မျောနေခဲ့တာကိုပဲ တွေ့ရပါလိမ့်မယ်။ တကယ့်တော့ အာရုံတွေဟာ ကိုယ်သန္တာန်မှာ တစ်ခုပေါ်လိုက်၊ တစ်ခုပျောက်လိုက်နဲ့ စက္ကန့်မလပ်ချုပ်ငြိမ်းနေကြတာပါ။ ဒါကို ကိုယ်က အာရုံတွေကို တစ်ခုနဲ့ တစ်ခု ဆက်စပ်ရင်း မဆုံးနိုင်တဲ့ ဇာတ်လမ်းအရှည်ကြီးထဲမှာ ကိုယ်တိုင်ဇာတ်ကောင်တစ်ကောင်အဖြစ် မမောတမ်း ပါဝင်ကပြနေမိတာပါ။ ဆန်းစစ်ကြည့်လိုက်ရင် ရှုမှတ်မှု မရှိတဲ့ ကိုယ့်စိတ်သန္တာန်ထဲ ဖွဲ့သီကပြခဲ့သမျှ ဇာတ်လမ်းဇာတ်ကွက်တွေထဲမှာ ကပြသူကလည်း ကိုယ်ပါပဲ။ ပွဲကြည့်ပရိတ်သတ်ကလည်း ကိုယ်ပါပဲ။ ကိုယ်တိုင်ကပြ၊ ကိုယ်တိုင် အမှတ်ပေး၊ ကိုယ်တိုင် ဆုချီးမြင့်၊ ကိုယ်တိုင်နှစ်သက်၊ ကိုယ်ပဲ ဝမ်းနည်း၊ ကိုယ်ပဲ ရယ်မောနဲ့ အမျှင်တန်းခဲ့သမျှမပင်ပန်းကြသေဘူးလားလို့ တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို စိတ်လိုလက်ရ မေးကြည့်သင့်လှပါတယ်။ ဒါကြောင့်မို့ မသိမှု အမှောင်မိုက်ကြီးရဲ့ ချုပ်ကိုင်လွှမ်းမိုးနိုင်မှုကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သဗ္ဗညုတရွှေဉာဏ်တော်ကြီးနဲ့ အကျယ်တဝင့် ဟောမိန့်မှာကြားခဲ့ပါတယ်။ “ ချစ်သားတို့၊ မမေ့ကြနဲ့” ဆိုတဲ့အဆုံးအမကို ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကတည်းက နေ့စဉ်နေ့တိုင်း၊ အချိန်တိုင်း မှာကြားခဲ့ပါတယ်။ နောက်ဆုံး ပရိနိဗ္ဗာန် စံဝင်ခါနီးတဲ့အထိလည်း မှာခဲ့တာပါ။ “ အခုနေသေရင် အားလုံးကို ထားခဲ့ရမှာ” လို့ စိတ်အဆိုစကားလေးကို ဆိုဖြစ်နေရင် လိုချင်စိတ်မှန်သမျှဟာ ချက်ချင်းလက်ငင်းဆိုသလို အရှိန်လျော့ကျသွားတက်ပါတယ်။ ထွက်လုဆဲ ဒေါသဟာလည်း ပြန်လည်ငုပ်လျှိုးသွားတက်ပါတယ်။ တရားဓမ္မရဲ့ အဆုံးအမနဲ့ ကင်းလွတ်နေတဲ့ စိတ်ဟာလည်း ဓမ္မအရိပ်အောက်ကို ဦးတည် ခိုလှုံလာမိတက်ပါတယ်။ အဲ့ဒီအခါမှာ မိုးကုတ်ဆရာတော်ကြီးရဲ့ အဆုံးအမကို ဆက်ပြီး နှလုံးသွင်းကြည့်ပါ။ “ ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာလိုတော့သည် အသေမဦးခင် ဉာဏ်ဦးအောင် အားထုတ်ပါတော့မည် ” နှလုံးသွင်းတည့်သွားတဲ့အချိန်မှာ တရားအားထုတ်ဖို့ သဒ္ဓါတွေ တက်လာပါလိမ့်မယ်။ တရားအားထုတ်ချင်တဲ့ ခွန်အားသစ်တွေ ရင်မှာ ဖြစ်ထွန်းလာပါလိမ့်မယ်။ ပေါ်လာသမျှ စိတ်အသစ်တွေဟာ ဓမ္မအာရုံထဲမှာ နစ်ဝင်လာပါလိမ့်မယ်။ သဒ္ဓါကောင်းတဲ့အချိန်မှာ ဝီရိယကို မြှင့်တင်၊ သတိကို ပိုထားလိုက်ရင် တည်ကြည်မှု သမာဓိဟာ စွမ်းအားသစ်တစ်ခုအဖြစ် မိမိသန္တာန်မှာ ဖြစ်ထွန်းလာပါလိမ့်မယ်။ အလုပ်လုပ်လို့ ရထားတဲ့ လုပ်ခရယ်ပါ။ အလုပ်မလုပ်ဘဲနဲ့တော့ သမာဓိဆိုတဲ့ လုပ်ခကို ဘယ်သောအခါမှာ ရလိမ့်မည်မဟုတ်ပါ။ အဲဒီလို သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိတွေ ဖူးပွင့်လာပြီဆိုရင် ပရမတ္တသဘာဝတွေကို ကူညီသိမြင်ပေးမယ့် ပညာဉာဏ်လည်း အချိန်မဆိုင်းဘဲနဲ့ အရောက်လာတော့မှာပါ။ အားလုံးဟာ မိမိရဲ့ သံဝေဂဉာဏ် စိတ်အလှည့်အပြောင်းပေါ် မူတည်ပြီး တစ်ဆင့်ပြီး တစ်ဆင့် ဖူးပွင့်ဝေဆာလာတဲ့ သဘာယတရားတွေပါ။ ဘယ်သဘာဝတရားကိုမျှ ကိုယ့်ကိုယ်ပိုင်လုပ်လို့ မရဘူးဆိုတာကိုလည်း ကြိုတင်သဘောပေါက်ထားပါဦး။ အားလုံးဟာ ကိုယ်ကြောင့်ဖြစ်လာတာ တစ်ခုမျှ မပါပါဘူး။ ကိုယ့်ကြောင့်ဖြစ်လာတာဟာ ခန္တာနဲ့ သံသရာပဲရှိတာပါ။ ဘုရားရှင်ရဲ့ အဆုံးအမ၊ ဆရာအရှင်အဆူဆူတို့ရဲ့ ထပ်ဆင့် အဆုံးအမတွေကို နာခံမိလို့ မိမိသန္တာန်မှာ သံဝေဂဉာဏ်က စလို့ စိတ်အလှည့်အပြောင်းဖြစ်ခဲ့လိုသာ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ဆိုတဲ့ ဗိုလ်ငါးပါး (အားငါးပါး) တို့ ဖြစ်ထွန်းပေါ်ပေါက်လာတာပါ။ အဲဒီအားငါးပါးကိုက အစိုးမရတဲ့ သဘာဝအနတ္တရယ်ပါ။ ဒါကို ကြိုတင်ပြီး နှလုံးမသွင်းထားခဲ့ရင် တရားအားထုတ်လို့ သမာဓိအရှိန်ကြောင့်ရလာတက်တဲ့ မစို့မပို့ ချမ်းသာမှု ကလေးတွေနဲ့တွေ့ရင်ကို “ တယ်ဟုတ်တဲ့ ငါပါလား” ဆိုတာတွေဖြစ်တက်လွန်းလို့ပါ။ ကိုယ်ဟာ သံသရာရဲ့ သားကောင်၊ ခန္ဓာကို တဏှာလက်သမားအကူအညီနဲ့ တည်ဆောက် ဖန်တီးခဲ့သူ၊ ရှင်းရှင်းပြောရရင် မထုံတက်သေး အညစ်အကြေးဗရပွနဲ့ ဘာမျှကို သုံးစားမရသူပါ။ ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာလို့သာ၊ ဘုရားရှင်ရဲ့ အဆုံးအမတွေ ကျန်ရစ်ခဲ့ပေးလို့သာ၊ ဘုရားရှင်ရဲ့ အဆုံးအမတွေကို ဘုရားရှင်ရဲ့ သားတော်တွေရဲ့ ကျေးဇူးတွေကြောင့် သိခွင့်ရလာခဲ့လို့သာ (ဒါတောင်မှ သိခွင့်ရပါလျက်နဲ့ မသိကျိုးကျွန်နေခဲ့ရင် ဒုံးဝေးမြဲ ဒုံးဝေးနေဦးမှာပါပဲ) လူဆိုတဲ့ အဓိပ္ပါယ် စပြီး ပေါ်လာရုံလေး ရှိနေတာပါ။ ဒါကြောင့်မို့ ကိုယ်ဟာ တရားဓမ္မကို ဖေါ်ထုတ်ဟောပြောခဲ့သူနဲ့ တရားဓမ္မကို ဖေါ်ထတ်ဟောပြောခဲ့သူနဲ့ တရားဓမ္မနဲ့ကြားမှာ ကြားခံပွဲစားသက်သက်ရယ်ပါ။ ပွဲစားဟာ ပွဲစားလိုပဲနေပါ။ ပိုင်ရှင်စိတ် မဝင်လိုက်ပါနဲ့၊ ပိုင်ရှင် မဖြစ်ချင်လိုက်ပါနဲ့၊ ကိုယ့်ကိုယ်ကို ပွဲစားနေမှန်း သိရင် “ ဘာမျှပိုင်လို့ မရပါလား၊ ဘာမျှလည်း ငါမပိုင်ပါလား၊ ငါ့ဥစ္စာလည်း ဘာမျှမရှိပါလား” ဆိုတဲ့ အသိဉာဏ်ဟာ လွတ်မြောက်မှုဘက်ကို အမြန်ဆုံးရောက်သွားနိုင်တယ်ဆိုတာ အလုပ်လုပ်ရင်းနဲ့ သိမြင်လာပါလိမ့်မယ်။ ဒါကြောင့် အချိန်တိုင်း၊ နေရာတိုင်း၊ က္ကရိယာပုတ်တိုင်းမှာ မရဏာနုဿတိကို အမြဲနှလုံးသွင်းနေဖြစ်ရင် သမုတိမရဏကို ဆင်ခြင်ရာက ပရမတ္ထမရဏကို ဉာဏ်နဲ့ သိမြင်လာနိုင်ပါတယ်ဆိုတဲ့အကြောင်း မိတ်ဆွေကောင်းများသို့ စိတ်ကောင်း စေတနာကောင်းတို့ဖြင့် ထပ်လောင်းအကြံပြုလိုက်ရကြောင်းပါ … (၂-၄-၂၀၀၇) မြသန်းစံ ဆရာဦး မြသန်းစံရေးတဲ့ “ စိတ်ထဲ ရိပ်ခနဲ လင်းလက်သွားတဲ့ အလင်းရောင်လေးတွေ အကြောင်း” ဆိုတဲ့ စာအုပ်လေးကို အခု သုံးခါမြောက် ပြန်ဖတ်ဖြစ်ရင်းက စိတ်ထဲမှာ ရှင်းရှင်းလင်းလင်းနားလည်ပြီး တရားအသိတွေ သိခွင့်ရတဲ့အတွက်ကျေနပ်ပီတိဖြစ်မိပါတယ်။ ဒါကြောင့် ကျနော်သိခွင့်ရသလို အခြားသူတွေလည်း ဖတ်ခွင့်၊ သိခွင့်ရပါစေဆိုပြီး ကျနော်အလုပ်မအားတဲ့ကြားက ညပိုင်းစာဖတ်ချိန်လေးအနည်းငယ်ထဲက အခုစာတွေကို စာအုပ်ထဲကအတိုင်း စာစီစာရိုက်လုပ်ပြီး တင်ပေးလိုက်ပါတယ်ဗျာ ..

>> ဘဝနဲ့ ဆန္ဒတစ်ထပ်တည်းကျဖို့ ထက် အသိနဲ့ အကျင့် တစ်ထပ်တည်းကျဖို့က နံပါတ်တစ်လို့ ကိုယ့်ကိုယ်ကို အမြဲပြောနေမိပါတယ် ..
>> အတန်းပညာ၊ အတက်ပညာ၊ အသိပညာ တို့တွင် အသိပညာသာ အများဆုံးရှိချင်ပါသည်။
လေးစားစွာဖြင့်
စောစံ
code : http://sawsan.pe.hu