သေပြီးရင် မပြီးသေးဘူး

ကောင်းတာတွေက အများကြီးပါ။ ဒါနကုသိုလ်လည်း ကောင်းတယ်။ သီလကုသိုလ်လည်း ကောင်းတယ်၊ စိတ်ချမ်းသာတယ်။ ဘာဝနာကုသိုလ်မှာလည်းပဲ မေတ္တာပို့တာ အင်မတန်ကောင်းတယ်၊ စိတ်ချမ်းသာတယ်။ ဘုရားဂုဏ်တော် ပွားတာလည်း ကောင်းတယ်။ သေခြင်းတရားကို အာရုံပြုတာလည်း ကောင်းတာပဲ။ တစ်နေ့ သေရမှာပါပဲ။ သေမှာကို လေးလေးနက်နက် သိတဲ့သူဟာ ပေါ့ပေါ့တန်တန် မနေဘူး။ အချိန်မဖြုန်းဘူး။ တကယ်လုပ်ရကျိုးနပ်တာကို လုပ်မယ်။ အခု လုပ်နေတဲ့ ကိစ္စတွေဟာ အခုလုပ်နေတုန်းမှာတော့ အင်မတန် အရေးကြီးတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ သေခါနီး အချိန်နားမှာ ရောက်နေပြီဆိုရင် ပြန်လှည့်ကြည့်တဲ့အခါမှာ ဘယ်လို မြင်မလဲလို့၊ ဘယ်ဟာတွေ အရေးကြီးသလဲ၊ ဘယ်ဟာတွေများ တန်ဖိုးရှိသေးသလဲ၊ သေသွားရင် ဘာတွေပါသွားမလဲ။ ဘာမှ မပါဘူး။ အသိဉာဏ်ပါမယ်၊ ကုသိုလ်ကောင်းမှုပါမယ်၊ အကုသိုလ်လည်း ပါမှာပဲ၊ (သူ့ကိုလည်း ချန်ထားခဲ့လို့မရဘူး။ အကြောင်းအကျိုးဆက်ကာ အကျိုးပေးဦးမှာကိုး။)
အဲဒီတော့ သေခြင်းတရားကို တကယ်ထိထိမိမိ နှလုံးသွင်းနိုင်လို့ရှိရင် ကိုယ့်ဘဝကို ပေါ့ပေါ့တန်တန် မနေတော့ဘူး။ သေမယ်ဆိုတာကို မသိတဲ့လူဟာ သူ တော်ရုံတန်ရုံ ပျော်ရတာနဲ့ပဲ ကျေနပ်သွားမယ်။ သေမယ်ဆိုတာကို သိတဲ့လူဟာ စဉ်းစားတယ်၊ ‘ငါလုပ်နေတဲ့ ကိစ္စတွေဟာ ဘာများ လေးနက်တာရှိသလဲ၊ ဘာတန်ဖိုးရှိသလဲ။ ခဏလေး အခု လုပ်ရတယ်၊ အခုပြီးသွားပြီ၊ ဘာမှ မကျန်ရစ်ဘူး။ သေသွားပြီးနောက် ဟိုဘက်ဘဝရောက်ရင်ကော ဘာများ အထောက်အပံ့ ဖြစ်မှာလဲ။’ ခဏလေး ပျော်ရရုံနဲ့တော့ ဘာမှ အထောက်အပံ့ မဖြစ်ဘူး။
သေခြင်းတရာကို နက်နက်နဲနဲ သိတဲ့သူဟာ ဘဝကို တန်ဖိုးရှိရှိ နေတယ်။ အမေရိကန်မှာ ပြောလေ့ရှိတဲ့ စကားတစ်ခုရှိတယ်၊ Eat, sleep and be merry. For, tomorrow you die.
“ မနက်ဖြန် သေချင်သေမယ်၊ အဲဒီတော့ ဒီကနေ့ ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်၊ ကောင်းကောင်းပျော်။ ” သူတို့က သေပြီးရင်ပြီးပြီလို့ ထင်တာနော်။
သေပြီးရင် တကယ်ပဲပြီးပြီဆိုရင်တော့ ဟုတ်တာပေါ့။ သို့သော် သေပြီးရင် မပြီးသေးဘူး။ ပြီးတော့ စား၊ သောက်၊ ပျော်ပါးဆိုတာလောက်နဲ့ ဘဝရဲ့ အနှစ်သာရက ပြည့်စုံပြီလား၊ တကယ်လေးနက်ပြီလား။ မလေးနက်နိုင်သေးဘူးနော်။ အသိဉာဏ်ရင့်ကျက်တဲ့လူဆိုရင် နောက်ဘဝကို ရှိတယ် မရှိဘူး မသိရင်တောင်မှ၊ မယုံရင်တောင်မှ အခု နေရတဲ့ ဘဝမှာ ပိုပြီးတော့ အဓိပ္ပါယ်ရှိအောင် လေးနက်အောင် နေရတယ်။ နေမှာပဲ။
မနေ့ညက ကျနော်ပြန်ဖတ်ခဲ့တဲ့ ဆရာတော်ဦးဇောတိကရေးတဲ့ စာအုပ်တစ်အုပ်ထဲကပါ။
Internet ထဲမှာ စာလာဖတ်ကြတဲ့ သူငယ်ချင်းများနှင့် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကျနော်အသိမိတ်ဆွေ၊ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး စာအုပ်ထဲကအတိုင်း ကျနော်စာရိုက်ပြီးပေးလိုက်တာပါ။
ဘဝနဲ့ ဆန္ဒ တစ်ထပ်တည်းကျဖို့ထက် အသိနဲ့အကျင့် တစ်ထပ်တည်း ကျဖို့က နံပါတ်တစ်လို့ ကိုယ့်ကိုကိုယ် အမြဲပြောနေမိပါတယ်။
“အတန်းပညာ၊ အတက်ပညာ၊ အသိပညာ တို့တွင် အသိပညာသာ အများဆုံးရှိချင်ပါသည်”