လွတ်လပ်တဲ့သူဟာ မယုံသင့်တာကို မယုံတော့ဘူး

ကိုယ့်ရဲ့ အသိဉာဏ်ကို နေရာတိုင်းမှာ သုံးပါ။ ကိစ္စတိုင်း ကိစ္စတိုင်းမှာ ထောင့်စေ့အောင်စဉ်းစားပါ။ ကောင်းကောင်းလေ့ကျင့်ပြုစုထားတဲ့ အသိဉာဏ်နဲ့နေသွားမှ လောကကြီးမှာ

နေရတာ အဆင်ပြေမယ်၊ ကိုယ့်ဘဝ အခြေအနေကို အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်မယ်။

အသိဉာဏ်ကို ဖွံ့ဖြိုးအောင် ပြုစုမထားတဲ့ သူတွေဟာ မကြောက်သင့်တာတွေကို ကြောက်နေတယ်။ အားမကိုးသင့်တာကို အားကိုးကြတယ်။ ဗေဒင်ကိုအားကိုးတယ်။ နတ်ကို အားကိုးတယ်။

ဘိုးတော်တွေ မယ်တော်တွေကို အားကိုးတယ်။ ကိုယ့်ဘဝကို သူများလက်ထဲကို ထည့်လိုက်တယ်။ ဗေဒင်က ကြောက်အောင်ပြောရင် ကြောက်တယ်။ ဗေဒင်ဆရာက ခိုင်းတာကို လုပ်တယ်။

ဂြိုလ်တွေဟာ ကမ္ဘာမြေကြီးလိုပါပဲ၊ နေကို ဗဟိုရ်ပြုပြီးတော့ လှည့်သွားနေကြတယ်။ သူတို့က လူတစ်ယောက်ချင်းရဲ့ ဘဝကို ဘယ်လိုမှ ကောင်းအောင်ဆိုးအောင်မလုပ်နိုင်ပါဘူး။

နက္ခတ်ဆိုတာက အလင်းနှစ်ပေါင်း သန်းနဲ့ချီပြီးဝေးပါတယ်။ အဝေးမှာရှိတဲ့ ကြယ်တွေကို ကိုယ့်နေရာကနေ ကြည့်ပြီးတော့ ကိုယ်ဖေါ်ချင်တဲ့ပုံကို ဖေါ်ပြီး စိတ်ကူးယဉ်အဓိပ္ပါယ်တွေ ကောက်ကြတယ်။

အလင်းနှစ်ပေါင်း သန်းနဲ့ချီပြီးဝေးတဲ့ ကြယ်တစ်လုံးက ဒီကမ္ဘာမှာရှိတဲ့ လူတစ်ယောက်ရဲ့ဘဝကို ကောင်းအောင်ဆိုးအောင် လုပ်နိုင်သလား။ ဒါကို ယုံတယ်ဆိုရင်တော့ ကျန်တာတွေ၊ အဓိပ္ပါယ်မရှိတာတွေ၊

အကြောင်းအကျိုး မကိုက်တာတွေ၊ ဘာမဆို ယုံတော့မှာပဲ။ မယုံသင့်တာကို မယုံတဲ့လူရဲ့ ဘဝဟာ ရှင်းတယ်။ မကြောက်သင့်တာကို မကြောက်တဲ့သူရဲ့စိတ်ဟာ ကြည်လင်ပေါ့ပါးတယ်။

မမျှော်လင့်သင့်တာကို မမျှော်လင့်တဲ့သူဟာ အခြားလုပ်သင့်တာကို လုပ်နိုင်လို့ သူ့ဘဝဟာ ပိုပြီး အဆင်ပြေတယ်….

လွတ်လပ်တဲ့ စိတ်ကို သိလာမှ လူပီသတဲ့ စိတ်ကို သိတယ်

လွတ်လပ်တဲ့ စိတ်ဟာ ဂုဏ်သိက္ခာရှိတယ်။ လွတ်လပ်တဲ့စိတ်မှာ အထင်ကြီးတာ အထင်သေးတာမရှိဘူး။ လွတ်လပ်တဲ့စိတ်ဟာ ကြောက်နေတဲ့ စိတ်မဟုတ်ဘူး။

“မိမိသည်သာလျှင် မိမိ၏ ကိုးကိုယ်ရာ အားထားရာ ဖြစ်၏” လို့ ဘုရားဟောထားတာကို တရားအားထုတ်ပြီး အနတ္တသဘာဝကို သေသေချာချာမြင်မှပဲ သဘောပေါက်တယ်။ ‘မိမ'” ဆိုတာ ‘ငါ’ ဆိုတဲ့

အတ္တစွဲကို ပြောတာမဟုတ်ဘူး။ တကယ်တော့ ‘မိမိ’ ဆိုတာ အတ္တစွဲကင်းနေတဲ့ ဉာဏ်ပညာနဲ့ ယှဉ်တဲ့ စိတ်ကို ပြောတာ။ ‘ငါ’ ဆိုတဲ့ အတ္တစွဲဟာ ကိုးကွယ်ရာ ဘယ်မှာ ဖြစ်နိုင်မလဲ။

‘ရနိုင်ခဲသော ကိုးကိုယ်ရာ အားထားရာကို ရ၏’ ဆိုတာလည်း အနတ္တကို မြင်တဲ့ဉာဏ်ကို ဆိုလိုတာ။ စိတ်ကို သတိပဌာန်တရားနဲ့ ဆုံးမတဲ့အခါ စိတ်မှာ ‘ပညာ-ဉာဏ်’ ဖြစ်လာတယ်။

အဲဒီ ‘ပညာ-ဉာဏ်’ ကသာ ရနိုင်ခဲတဲ့ ကိုးကိုယ်ရာ အားထားရာဖြစ်တယ်။

ဒီစာလေးတွေက လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျနော်ဖတ်ခဲ့တဲ့ ဆရာတော်ဦးဇောတိကရေးတဲ့ စာအုပ်တစ်အုပ်ထဲကပါ။

အခု အဲ့စာအုပ်ကို ပြန်ဖတ်ရင်း Internet ထဲမှာ စာလာဖတ်ကြတဲ့ သူငယ်ချင်းများနှင့် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကျနော်အသိမိတ်ဆွေ၊ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး စာအုပ်ထဲကအတိုင်း ကျနော်စာရိုက်ပြီးပေးလိုက်တာပါ။

“အတန်းပညာ၊ အတက်ပညာ၊ အသိပညာ တို့တွင် အသိပညာသာ အများဆုံးရှိချင်ပါသည်”

“ဘဝနဲ့ ဆန္ဒ တစ်ထပ်တည်းကျဖို့ထက် အသိနဲ့ အကျင့်တစ်ထပ်တည်းကျဖို့က နံပါတ်တစ်လို့ ကိုယ့်ကိုကိုယ် အမြဲပြောနေမိပါတယ်…. ”

source : www.sawsan23.com