ချမ်းသာနေလား၊ ဆင်းရဲနေလား

ဘာပဲဖြစ်နေနေ ဖြစ်တာကို သိရင် တော်ပြီ။ သူ့ကို control လုပ်ဖို့ မကြိုးစားပါနဲ့။ လူစိတ်သဘာဝဟာ တစ်ခုခုကို မကောင်းဘူးလို့ ထင်လာရင် အဲဒါကို မရမက ဖယ်ရှားချင်တဲ့ အကျင့် ရှိတယ်နော်။ အဲဒီတော့ ကိုယ့်စိတ်ထဲမှာ လောဘဖြစ်လာပြီဆိုရင် ဟာ.. ဒီလောဘ မကောင်းဘူး၊ ဒီလောဘကြီးကို ဖယ်ရတော့မယ်လို့ တွေးမယ်။ ဖယ်ဖို့ မကြိုးစားပါနဲ့။ အသာလေးကြည့်ပြီးတော့ သိနေပါ။ လိုချင်တဲ့ စိတ်ကလေးက ထပ်ကာ ထပ်ကာ ဖြစ်နေတယ်။ ဒါလေးကို သိနေပါ။
တစ်ယောက်ယောက်ကို စိတ်ဆိုးတယ်၊ မကျေနပ်ဘူး၊ သူက ငါ့ကို ဘယ်လိုပြောလို့ ငါက စိတ်ဆိုးတယ်လို့ ဇာတ်လမ်းကို စဉ်းစားမနေဘဲနဲ့၊ စိတ်ဆိုးနေတဲ့ စိတ်ကလေးကိုပဲ ကြည့်ဖို့လိုတယ်။ ဇာတ်လမ်းကို တွေးရင် စိတ်က ပိုပြီးတော့ ဆိုးလာတက်တယ်။ ပိုပြီးတော့ စိတ်ဆင်းရဲ သွားတက်တယ်။ ဇာတ်လမ်းကို တွေးနေတာ မဟုတ်တော့ဘဲနဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ ခံစားမှုကိုပဲ ကြည့်နေပါ။
ဒေါသဖြစ်နေတဲ့ အခါမှာ စိတ်ထဲမှာ ဘယ်လိုခံစားမှုမျိုး ဖြစ်နေသလဲ။ အဲဒီစိတ်ရဲ့ အခြေအနေကို ကြည့်နေပါ။ စိတ်က ပူလောင်နေတယ်၊ လှုပ်ရှားနေတယ်၊ အခံရခက်နေတယ်၊ ဆင်းရဲနေတယ်၊ ပင်ပန်းနေတယ်၊ မကျေမနပ်ဖြစ်နေတယ်၊ အဲဒီသဘောာလေးတွေကို အသေအချာ အသာလေးကြည့်နေဖို့ပဲ လိုပါတယ်။ ကြည့်တတ်လို့ရှိရင် သူ့သဘောကို ရှင်းရှင်း မြင်ရတယ်။ အင်မတန် စိတ်ဝင်စားစရာ ကောင်းတယ်။ ကြည့်နေလို့ရှိရင်လည်း တဖြည်းဖြည်းအားနဲသွားတယ်၊ ပြီးတော့ ပျောက်သွားတယ်။
ဒီသတိရဲ့ သဘာဝက အင်မတန်ဆန်းကြယ်တယ်။ သတိလေးနဲ့ ဖြစ်လာတဲ့ လောဘဖြစ်ဖြစ်၊ ဒေါသ၊ မာန၊ ဘာပဲဖြစ်ဖြစ် အကုသိုလ်သဘော၊ ပူလောင်တဲ့သဘော၊ ဆင်းရဲတဲ့ သဘောကို သတိလေးနဲ့ ကြည့်လိုက်လို့ရှိရင် အဲဒီ ပူလောင်တဲ့ သဘော၊ ဆင်းရဲတဲ့ သဘောက တဖြည်းဖြည်း အားနည်းသွားတယ်။
လောဘရဲ့ အင်အားလျော့သွားတယ်။ သူဖြစ်တဲ့ အချိန်ကာလလည်း တိုသွားတယ်။ ဒေါသဖြစ်တဲ့အခါမှာ အဲဒီဒေါသကို အသာလေး ကြည့်နေလို့ရှိရင် ဒေါသရဲ့ အင်အား လျော့သွားတယ်။ သူဖြစ်တဲ့ အချိန်ကာလလည်း တိုသွားတယ်။ ခဏလေးနဲ့ ပြေသွားတယ်နော်။ ကြည့်ပါများတဲ့အခါမှာ လောဘဟာ တစ်ဖတ်စွန်းရောက်နေတဲ့ စိတ်ဆိုတာ သိရတယ်။ ကိုယ် ဖြစ်ချင်နေတာကို ဇွတ်ပဲ ဖြစ်ချင်နေတာ။ ဖြစ်နိုင် မဖြစ်နိုင်၊ ဖြစ်သင့် မဖြစ်သင့် ဆိုတာ မစဉ်းစားဘူး။ အဲဒီတော့ သူ့ကို အသေအချာစောင့်ကြည့်တဲ့ အလေ့အကျင့် များလာတဲ့သူဟာ သူ့ရဲ့သဘာဝကို ကောင်းကောင်း နားလည်လာတယ်။
အဲဒီတော့ သူ ဖြစ်တိုင်းတိုင်း၊ သူလိုချင်တိုင်း လိုချင်တိုင်း လိုက်ပြီးတော့ လိုက်လျောနေဖို့ မလိုဘူးဆိုတာကို သိလာတယ်။ ဒေါသလည်း ဒီလိုပဲ။ ဒေါသဖြစ်တဲ့ အာရုံပေါ်မှာ အမှန်အတိုင်း မသိဘူး။ ဖြစ်လာတဲ့ ဒေါသကို ကြည့်လို့ရှိရင်လည်း သူ မကျေနပ်တဲ့ အကြောင်းအရာကို ပုံကြီးချဲ့ ပြီးတော့ တွေးလေ့ရှိတယ်။ အဲဒီလို သိရင်ကိုပဲ ဒေါသ တဖြည်းဖြည်းနဲသွားတယ်။
သတိနဲ့ကြည့်ရုံနဲ့ လောဘ ဒေါသ ဖြစ်တာဟာ လျော့သွားတယ်။ တစ်နာရီလောက်ဖြစ်မယ့် ဒေါသက အသာလေး စောင့်ကြည့်လို့ရှိရင် တစ်မိနစ် နှစ်မိနစ်လောက်နဲ့ ပြေချင်လည်း ပြေသွားမယ်။ သတိ ပိုကောင်းရင် အဲဒီလောက်တောင် မကြာဘူး။ ခဏလေးနဲ့ ပြေသွားတယ်။
အဲဒီတော့ လောဘ၊ ဒေါသ ဖြစ်နေတဲ့အခါမှာ ပြင်ပအကြောင်းအရာကို မတွေးဘဲနဲ့ ကိုယ့်စိတ်ထဲမှာ ချမ်းသာနေသလား၊ ဆင်းရဲနေသလား၊ အဲဒါလေးကို ပြန်ကြည့်ဖို့ပဲနော်။
မနေ့ညက ကျနော်ပြန်ဖတ်ခဲ့တဲ့ ဆရာတော်ဦးဇောတိကရေးတဲ့ စာအုပ်တစ်အုပ်ထဲကပါ။
Internet ထဲမှာ စာလာဖတ်ကြတဲ့ သူငယ်ချင်းများနှင့် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကျနော်အသိမိတ်ဆွေ၊ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး စာအုပ်ထဲကအတိုင်း ကျနော်စာရိုက်ပြီးပေးလိုက်တာပါ။
ဘဝနဲ့ ဆန္ဒ တစ်ထပ်တည်းကျဖို့ထက် အသိနဲ့အကျင့် တစ်ထပ်တည်း ကျဖို့က နံပါတ်တစ်လို့ ကိုယ့်ကိုကိုယ် အမြဲပြောနေမိပါတယ်။
“အတန်းပညာ၊ အတက်ပညာ၊ အသိပညာ တို့တွင် အသိပညာသာ အများဆုံးရှိချင်ပါသည်”