ဓတ်လုံးပြဿနာ

“ပွတ်လိုက်ရင် ပြောင် ဆောင်ပြန်တော့လေး ရေစိမ်ကာ သောက်ပြန်တော့ သေးပေါက်တယ်လေး”
ကျွန်ုပ်တို့ငယ်စဉ်က ဖခင်က မကြာခဏ ရွတ်ပြလေ့ရှိသော ဓာတ်လုံးစွမ်းရည်ပြ ဂါထာလေးပင်ဖြစ်၏။ ဓါတ်လုံးမှန်သမျှတွတ် အထက်ပါ အစွမ်းသုံးခုကား သေချာပေါက်ရှိ၏။ အသက်ရှည်ခြင်း အာယုသိဒ္ဓိ၊ ဥစ္စာပေါခြင်း ဓနသိဒ္ဓိ၊ လာဘ်လာဘကောင်းခြင်း လာဘသိဒ္ဓိ စသည်တို့ကား ဓာတ်လုံးတွင် မရှိ၊ ဓာတ်လုံးကို ဆောင်ထားသူ၏ ပါးစပ်တွင်သာ ရှိတက်၏။ ရှင်အဇ္ဇဂေါဏ ဓာတ်လုံးအောင်၍ ရွေှဖြစ်သည်ဆိုသော အကြောင်းအရာမှာလည်း ကျမ်းအခိုင်အမာ ရှိသည်မဟုတ်။ ဖိုသမားတို့၏ နှုတ်ထွက် ဇာတ်လမ်းတစ်ခုသာ ဖြစ်၏။ အမှန်နှင့် ရောနေသော အမှားကို လူတို့သည် အဆင်အခြင်မရှိ အကန်းယုံ၊ အရမ်းယုံယုံတက်ကြ၏။ ဥပမာအားဖြင့် မြန်မာရာဇဝင်တွင် ဘိုးတော်မင်းတရား ( ဦးဝိုင်း)သည် တကယ်ရှိခဲ့၏။
ထေရဝါဒဗုဒ္ဓဘာသာကို မှေးမှိန်အားနည်းစေနိုင်သော တန္တရ၊ မန္တရ အရည်းကြီးလက်ကျန် ပညာများ ဖြစ်သည့် ဗေဒင်၊ ဓာတ်ရိုက်၊ အင်း၊ အိုင်၊ ဘိုးတော်၊ ဝိဇ္ဇာအလုပ်များကို နိုင်ငံတော် တစ်ဝန်းပိတ်ပင်တားမြစ်ခဲ့ဖူး၏။ ဘုရင်အဆက်ဆက် မြို့ရိုးတံတိုင်းအောက်တွင် မြှပ်ထားကြသော အင်းမျိုးစုံကို ထုတ်ယူကာ ပြည်သူအများ ရှေ့မှာပင် ဧရာဝတီမြစ်အတွင်းသို့ ပစ်ချစေ၏။
ထိုအဖြစ်ကို ဝိဇ္ဇာ၊ ဘိုးတော်ဂိုဏ်းဝင်တို့ ဆတ်ဆတ်ခါနာခဲ့ကြ၏။ ဆီစိုနေသော သူတို့၏ ပါးစပ်များ ခြောက်သွေ့သွားခဲ့ရသောကြောင့်တည်း။ ထို့ကြောင့်လည်း နှောင်းလူတို့ ဘိုးတော်မင်းတရားကို လူဆိုးကြီးအဖြစ်မြင်ပြီး သူတို့ဘိုးတော်များကို လူစွမ်းကောင်းအဖြစ် ထင်ပေါ်စေရန် လုပ်ဇာတ်တစ်ခု ထွင်လိုက်ကြ၏။
ထိုလုပ်ဇာတ်ကား ဘိုးတော်မင်းတရားက ဘိုးဘိုးအောင်ကို ဖမ်းခိုင်းပြီး အသေသတ်ပုံ၊ ဘိုးဘိုးအောင်က သူ့အစွမ်းဖြင့် လွတ်မြောက်အောင် လုပ်ပြပြီး ဝ,လုံးကို ဖျတ်ခိုင်းပုံ၊ တစ်လုံး ဖျတ်လိုက်လျှင် နှစ်လုံးပေါ် လာပုံပင်တည်း။ ဘိုးတော်မင်းတရား အမှန်တကယ် ရှိခဲ့သော်လည်း ဘိုးဘိုးအောင်ကို အပြစ်မရှိ အပြစ်ရှာသတ်သော ဖြစ်ရပ်ကား တကယ်မရှိခဲ့ပေ။
ထို့ကြောင့် အမှန်နှင့် ရောနေသော ထိုအမှားကို လူတစ်ရာလျှင် ကိုးဆယ့် ကိုးယောက်လောက်က ယနေ့အထိ ယုံကြည်နေကြခြင်း ဖြစ်၏။ ဘိုးတော်မင်းတရားလက်ထက်က မင်းနှင့်ပြည်သူအားလုံး ငါးပါး သီလ လုံခြုံကာ ကိုယ့်ကျင့်တရား ကောင်းခဲ့ကြာ၏။ ဥပုသ်နေ့ဆိုလျှင် အမရပူရ တစ်နယ်လုံး သားငါးပင် ရောင်းချခွင့် မပြု။
ထို့ကြောင့်လည်း တစ်နယ်လုံးရှိ လူများ အသက်ရှည်ကြ၏။ ကျန်းမာကြ၏။ ငယ်ငယ်ရွယ်ရွယ်ရောဂါနှင့် သေသူ မရှိသဘောက်ရှားပါး၏။ ကိုးဆယ်ကျော် တစ်ရား နီးပါး ရောက်မှ သေကြ၏။ အသုဘချပွဲဆိုသည်မှာ တွေ့နိုင်ခဲသော အရာဖြစ်၍ “လူမသေသော မြို့” ဟုပင် ထင်စရာရှိနေ၏။ ထို့ကြောင့် အမရပူရမြို့ (သေခြင်းမရှိသောမြို့) ဟု မှည့်ခေါ်ခဲ့ကြခြင်း ဖြစ်၏။
ဘိုးတော်မင်းတရားသည် သင်္ဂြိုဟ်ကိုးပိုင်းကို ကောင်းမွန်စွာ တက်ကျွမ်း နားလည်၏။ ထို့ကြောင့် ထေရဝါဒ၏ အခြေခံအချက် ဖြစ်သော ကုသိုလ်နှင့် အကုသိုလ်အကြောင်းကို ကိုယ်ပိုင် အသိဖြင့် လက်ခံယုံကြည်သူ ဖြစ်၏။ ထိုကဲ့သို့သော ဘုရင်တစ်ပါးက လူရေးလူရာ မဝင်သော ဘိုးတော်တစ်ယောက်ကို မရမက လိုက်လံဖမ်းဆီးသတ်ဖြတ်ဖို့ ကြိုးစားသည် ဆိုသော အချက်ကို ဟုတ်နိုင် မဟုတ်နိုင် စာရှုသူများ ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်နိုင်၏။
ယခုလည်း ပုဂံပြည်သည် အနော်ရထာမင်း၏ ထေရဝါဒ နည်းကျ အုပ်ချုပ်ခဲ့မှုကြောင့် စီးပွားဥစ္စာ ဆန်၊ ရေ၊ စပါး ပေါများခဲ့၏။ ထို့ကြောင့် ဘုရားစေတီပေါင်းများစွာ တည်ခဲ့ကြ၏။ ဤကား အမှန်တကယ်ရှိခဲ့သော ဖြစ်ရပ်ပင်။ ဤအမှန်ထဲသို့ ‘ရှင်အဇ္ဇဂေါဏ ဓာတ်လုံးအောင်၍ ရွေှဖြစ်သောကြောင့် ပုဂံမြို့သားတွေ ချမ်းသာပြီး ဘုရားတည်နိုင်တာ’ ဟူသော အမှားကို ထည့်မွေှပြီး ဖိုသမားတို့ကို မြှူဆွယ်ခဲ့၏။
ထို့ကြောင့်လည်း သေသေချာချာ တွေးတောဆင်ခြင်မှု မရှိသူများယခုတိုင်အောင် ယုံကြည်နေကြခြင်း ဖြစ်၏။ ဗုဒ္ဒ၏ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်တို့တွင် မင်္ဂဖိုလ်ရကြောင်း တရားများကို သာမက လောကီရေးရာ ကြီးပွားချမ်းသာကြောင်း တရားများကိုလည်း ဟောခဲ့သည်သာ ဖြစ်၏။
ဗုဒ္ဓဟောကြား ကြီးပွားချမ်းသာကြောင်း လေးပါး
သက်ရှည်ကျန်းမာဖို့ ဆိုလျှင် …
သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲခြင်းမှ ရှောင်ကြဉ်ရမည်။
အချိန်မှန် အိပ်ရမည်။
အချိန်မှန် စားရမည်။
အာဟာရ ဖြစ်သော၊ အစာကြေညက်လွယ်သော အစားအစာ ဖြစ်ရမည်။
အပျော်အပါးနှင့် အသောက်အစား ရှောင်ကြဉ်ရမည်။
အကောင်းမြင်ဝါဒရှိကာ စိတ်ချမ်းသာအောင် နေတက်ရမည်။
ဤအချက်များနှင့်ပြည့်စုံလျှင် အသက်ရှည် ကျန်းမာမည် ဖြစ်၏။
မည်သည့် ဓာတ်လုံးကိုမှ ဆောင်စရာမလိုအပ်ပေ။ ဤကား ဗုဒ္ဓပေးသော ‘အာယုသိဒ္ဓိ၊ အရောဂျ သိဒ္ဓိ’ ပင် ဖြစ်၏။
ဥစ္စာဓန ပေါများ၍ စည်းပွားလာဘ်လာဘ တက်ဖို့ဆိုလျှင်လည်း…
ဥဌာနသမ္ပဒါ – ထကြွလုံ့လဝီရိယရှိစွာဖြင့် စီးပွားဥစ္စာကို ရှာဖွေရမည်။
အာရက္ခသမ္ပဒါ – ရလောသော ဥစ္စာကို ယိုပေါက်မရှိအောင် စောင့်ရှောက်ရမည်။
သမဇီဝိတသမ္ပဒါ – ၀င်ငွေနှင့် ထွက်ငွေကို မျှတအောင် သုံးစွဲရမည်။
ကလျာဏမိတ္တသမ္ပဒါ – မိမိကို ကူညီနိုင်သော မိမိအမှားကို လမ်းတည့်ပေးနိုင်သော မိတ်ဆွေကောင်း ရှိရမည်။
ဤအချက်များနှင့် ပြည့်စုံလျှင် ဧကန်မုချ ဥစ္စာစည်းစိမ် စီးပွားလာဘ်လာဘများ တိုးတက်လာမည် ဖြစ်၏။ အပင်ပန်းခံ ဖိုထိုးနေစရာပင် မလို။ ဤကား ဘုရားပေးသော “ဓနသိဒ္ဓိ၊ လာဘသိဒ္ဓိ” များပင် ဖြစ်၏။ ထိုသို့ ဗုဒ္ဓပေးသည့် နည်းနာအတိုင်း မကြိုးစားဘဲ အားမကိုးအပ်သည်ကို အားကိုးမြဲ အားကိုးနေမည်ဆိုလျှင် ဒုက္ခရောက်ဖွယ် ရာသာရှိ၏။ ကောင်းမွန်လာစရာကား မရှိပေ။

ကြားစေ၊ မြင်စေ အဖေဒီမှာ
မန္တလေးမြို့၊ စိန်ပန်းရပ်ကွက်ထဲမှ အဘွားညွှန့် အမည်ရှိ အဘွားကြီးတစ်ယောက်သည် အမျိုးသမီး ဖြစ်သော်လည်း အတွေးအခေါ်ပညာရှိ၏။ ကျွန်ုပ်ရန်ကုန်သို့ စာချဘုန်းကြီးအဖြစ် ကြွရောက်ခါနီးတွင် ယခုကဲ့သို့ မှာ၏။
“တစ်ခုပဲ မှာလိုက်ပါရစေ မောင်ဉ္စင်း၊ ဒီတစ်သက်မှာ ဘယ်သော အခါမှ ဖိုထိုးခြင်း အလုပ်ကို မလုပ်ပါလေနဲ့၊ တပည့်တော်မရဲ့ အသက် (၈၀)ကျော်အတွင်းမှာ ဖိုထိုးလို့ ရွေှဖြစ်သွားတာ၊ ထွက်ရပ်ပေါက်သွားတာ တစ်ခါမှ မကြုံဖူးဘူး၊ ဖိုထိုးပြီးသေလို့ ဓာတ်လုံးကို စွဲပြီး သရဲဖြစ်ရတဲ့သူတွေကို သာ အတွေ့ရ များတယ်” အဘွား၏ အမျိုးထဲမှ လူတစ်ယောက်နှင့် ရဟန်တစ်ပါး အကြောင်းကို မှတ်သားရဖူးသည်။
လူတစ်ယောက်အကြောင်းမှာ ၁၉၉၇ ခုနှစ်ခန့်က ဂျာနယ်တစ်စောင်တွင် သတင်းထူးအဖြစ် ဖတ်လိုက်ရခြင်းဖြစ်၏။ ခေါင်းစဉ်က ‘ကြားစေ၊ မြင်စေ အဖေဒီမှာ’ ဟုဖြစ်၏။
ပဲခူးနယ်ထဲမှာ အမျိုးသားတစ်ယောက်သည် ဖိုကိုသာ စွပ်ထိုးနေရာ အိမ်ရှိ စီးပွားဥစ္စာများလည်း ကုန်ပြီဖြစ်၏။ ရှိသမျှ အဝတ်အစားများမှာလည်း မီးလောက်ပေါက်ချည်း ဖြစ်ကုန်၏။ သားသမီး ချေွးမများပင် အသက်လေးဆယ်ကျော်လောက်ရှိပြီဖြစ်ရာ ထိုအမျိုးသားကြီး၏ အသက်သည် ခြောက်ဆယ့်ငါးကျော်၍ ခုနစ်ဆယ်နားနီးပြီ ဖြစ်၏။ တစ်ညတွင် ဖိုဆွဲရင်း ဗိုက်နာလာသဖြင့် အိမ်သာ သွားတက်ရ၏။ ထိုအချိန်မှာပင် တစ်ရေးနိုးလာသော ချေွးမက မီးလင်းနေသော ဖိုရုံထဲသို့ ၀င်ကြည့်မိ၏ အဘိုးကြီးကို မတွေ့ရသော အခါ မီးခဲရဲရဲပေါ်မှာ လုံလေးကို စိတ်ဝင်စားသွားသဖြင့် ညှပ်နှင့် လှမ်းယူကြည့်လိုက်မိ၏။ သူ၏ နမော်နမဲ့နိုင်မှုကြောင့် လုံသည် အောက်သို့လွတ်ကျသွားက လုံထဲမှ အရာဝတ္ထုများအားလုံး ထွက်ကျ ပျောက်ဆုံးသွား၏။ ချေွးမဖြစ်သူသည် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် ထိတ်လန့်သွား၏။ နောက်မှ အဘိုးကြီး ပြောနေကျ စကားဖြစ်သော
“ဒီ ပြဒါးက ပြာဖြစ်သွားရင် ငါ့ကိစ္စ အားလုံးအောင်မြင်ပြီ” ဟူသော စကားသံကို ပြန်လည် အမှတ်ရသဖြင့် ဖိုဘေးမှ ပြာများကို လုံထဲသို့ မြန်မြန်ကြုံးထည့်ကာ လက်ရမပျက်ပြန်ထားပြီး ဖိုရုံထဲမှ အမြန်ပြန်ထွက်သွား၏ အဘိုးကြီး ပြန်ရောက်သော အခါ လုံထဲမှ ပြာများကို မြင်လိုက်ရသည်နှင့် ဝမ်းသာအားရဖြစ်ကာ “အောင်ပြီ၊ အောင်ပြီ”ဟု အသံကုန်ဟစ်ပြီး ကြေွးကျော်လိုက်၏။
ထို့နောက် လုံထဲမှ ပြာများကို ပုလင်းတစ်ခုထဲ သေချာထည့်ယူကာ ခြံထဲမှ ဆွေးမျိုးသားချင်းများ အားလုံးကို ညကြီးမင်းကြီး အကုန်လိုက်နိုး၏။ အိမ်အပေါ်ထပ်တွင် သားသမီးနှင့် ချေွးမများအားလုံး စုံလင်သောအခါ သူသည် ဝရံတာတွင် ရပ်လိုက်သည်။ အားလုံးကို နှုတ်ဆက် စကားပြော၏။
“ဒီနေ့ ဒီအချိန်ဟာ မင်းတို့ အဖေ့ကို နောက်ဆုံးတွေ့ရတာပဲ၊ အဖေနှစ်ပေါင်းများစွာ ကြိုးစားခဲ့တဲ့ လုပ်ငန်းဟာ ကနေ့အောင်မြင်ပြီ၊ သားတို့ သမီးတို့ကို နှုတ်ဆက်ပြီးတာနဲ့ ဟို ဟိမဝန္တာ တော်ထဲကို အဖေ တစ်သက်လုံး သွားနေတော့မယ်၊ ဟိုမှာ အဖေ့လိုပဲ ထွက်ရပ်လုပ်ငန်း အောင်မြင်သွားကြသူတွေ အများကြီးရှိတယ်၊ ဒါကြောင့် အဖေ့ကို နောက်ဆုံးအနေနဲ့ ကန်တော့နှုတ်ဆက်ကြ”
ပြာများ ကြုံးထည့်ခဲ့သော ချေွးမမှာ အမှောင်ထဲတွင် ပါးစပ်ကို လက်ကိုင်ပဝါနှင့်ပိတ်၍ ရယ်နေသောလည်း ကျန်လူများကား ဘာမှမသိကြသဖြင့် အဘိုးကြီးခိုင်းသည့်အတိုင်း လက်အုပ်ချီကာ ကန်တော့ လိုက်ကြ၏။ အဘိုးကြီးသည် မှာစရာ ရှိသည်များကို အတော်မှာကြားပြီးသည်နှင့် ပုလင်းထဲမှ ပြာအနည်းငယ်ကို လျှာပေါ်တင်လိုက်ပြီး ရေနှင့် သောက်ချလိုက်၏။ ထိုသို့ သောက်ပြီးသည်နှင့် ဝရံတာ လက်ရမ်းပေါ် တက်ရပ်ကာ ကောင်းကင်သို့ ခုန်တက်လိုက်၏။
အဘိုးကြီးသည် ပြဒါးပြာကို စားပြီးသည်နှင့် ဇင်ယော်ငှက်လေးကဲ့သို့ ကောင်းကင်တွင် ပျံသန်နိုင်မည်ဟု ထင်ရှာ၏။ တကယ်ဖြစ်သွားသည်ကား လက်ခြေများကို ကြိုးနှင့်စုတုတ်ထားသော ဝက်တစ်ကောင်ကို အိမ်ပေါ်မှာ ပစ်ချလိုက်သကဲ့သို့ပါပေတည်။ သူတို့အိမ်သည် တောင်စောင်း ခပ်ကျကျတွင် ဆောက်လုပ်ထားခြင်းဖြစ်၏။ ထို့ကြောင့် အဘိုးကြီးသည် မြေကြီးပေါ်ကို အရှိန်နှင့် ဝက်ကျကျပြီးသည်နှင့် အောက်ဖက်သို့ လိမ့်ဆင်းသွားကာ ခြုံပုတ်ကြီး တစ်ခုထဲကို ဝင်သွား၏။ ပေါင်တစ်ချောင်း သွင်သွင်ကျိုးသွားသောကြောင့် ခြုံပုတ်ထဲတွင် ခေတ္တသတိလစ်သွား၏။ ထိုအခါမှ သားသမီးများလည်း ထိတ်ထိတ်ပြာပြာဖြစ်ကာ ဝိုင်းဝန်းရှာကြ၏။ မှောင်ကလည်း မှောင်၊ အဘိုးကြီးကလည်း ခြုံပုတ်ထဲရောက်နေသဖြင့် အတော်လေးကြာသည်အထိ မတွေ့ရသောအခါ သားသမီးများသည် စိတ်ပူလာပြီး “အဖေ၊ အဖေ ဘယ်နားမှာလဲ” ဟု အော်ဟစ်ခေါ်ကြ၏။ ဆယ်မိနစ်ကျော်ကျော်ခန့်ကြာသော အခါ အဘိုးကြီးသည် သတိရလာ၏။ သူ့ကို လှမ်းခေါ်နေသော အသံများကိုလည်း ကြားသွား၏။ ပိန်းပိတ်အောင် မှောင်နေသော ခြုံပုတ်ထဲတွင် သူ့ကိုယ်သူပင် ပြန်မမြင်ရ။ ထိုအခါ အဘိုးကြီး ထင်သွားသည်က ..
“သြော် .. ငါဓတ်ပြာ ဆေးတန်ခိုးကြောင့် ကိုယ်ပျောက်နေတာပဲ၊ ဒါကြောင့် သားတွေ သမီးတွေ ငါ့ကို မမြင်ကြတာနေမှာ” ဟုယုံကြည်သွားက ထိုအဘိုးကြီး လှမ်းအော်လိုက်သည်ကား …
“သားတို့ သမီးတို့ရေ .. ကြားစေ မြင်စေ အဖေဒီမှာ” ဟူ၏။

ဟိုတလောက လက်ဆောင်ရထားတဲ့ ဆရာတော် အရှင်ဇဝန၊ (မေတ္တာရှင်) ရွေှပြည်သာ ရေးသားသော“ထေရဝါဒ မှတ်ကျောက်” စာအုပ်မှ ဖတ်မိတာလေးကို ပြန်လည်မျှဝေပေးတာပါ။ code : www.sawsan23.com