အတွေးထဲမှာ နေတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူ

သိနေတာဟာ ကုသိုလ်ပဲ။ တစ်ချက် သိတိုင်း သိတိုင်း ကုသိုလ်တွေအများကြီးဖြစ်တယ်။ သတိဆိုတဲ့ ကုသိုလ်ဟာ သာမန် ကုသိုလ်တွေထက် ပိုပြီးတော့ အားကြီးတယ်။ အထွက်အထိပ်ဖြစ်တဲ့ ကုသိုလ်ပဲ။ တစ်ချက်ပဲ သိရ သိရ၊ သိရတာဟာ ကုသိုလ်ပဲ။ ဒါကို ကုသိုလ်ပဲလို့ သဘောပေါက်ဖို့ လိုတယ်။ တစ်မိနစ်သိရရင် နဲတဲ့ကုသိုလ် မဟုတ်ဘူး။
သတိနဲ့ နေတဲ့အချိန်လေးမှာ စိတ်ကလေး တည်တံ့မှုရှိနေမယ်။ သတိကပ်တဲ့ အကြိမ်အရေအတွက် များလာအောင် လုပ်ပါ။ ကြားထဲ မေ့သွားတဲ့အချိန်လေးတွေတော့ ညှပ်ချင်ညှပ်မယ်။ ညှပ်ပေမဲ့ သိတဲ့အချိန်လေးတွေကလည်း တဖြည်းဖြည်း စိပ်စိပ်လာမယ်။
အရင်တုန်းက တစ်နာရီကြာမှ၊ နှစ်နာရီလောက်ကြာမှ တစ်ခါ သတိကပ်မိတယ်။ ဒီလိုကနေ ကြာတဲ့အခါမှာ နာရီဝက်လောက်ဆိုရင် သတိရပြီ။ ဒီလိုကနေ သတိပိုကောင်းတဲ့အခါ ဆယ်မိနစ်နေရင် သတိတစ်ခါ ပြန်ဝင်လာပြီ။ အလေ့အကျင့် များတဲ့အခါမှာ တစ်မိနစ်တစ်ခါလောက် သတိပြန်ဝင်လာတယ်။ အကျင့်ရသွားရင် သတိလက်လွတ် နေလို့ မရတော့ဘူး။
Day dreaming ထဲမှာ နေတာ နဲသွားမယ်။ Fantacy ထဲမှာ နေတာ နဲသွားမယ်။ lost in thought ဖြစ်တာ နဲသွားလိမ့်မယ်။ အတွေးထဲမှာ မျောနေလို့ရှိရင် အတိတ်က ဖြစ်ခဲ့တာတွေ ပြန်တွေးမယ်။ နောက် မဖြစ်သေးတာတွေ တွေးမယ်။ ပူစရာတွေ တွေးမယ်။ စိတ်ဆိုတာ ဝမ်းသာစရာထက် ပူစရာကို ပိုပြီးတော့ တွေးတတ်တယ်။ အဆင်ပြေတဲ့ ကိစ္စထက် အဆင်မပြေတဲ့ ကိစ္စကို ပိုတွေးတယ်။ အဲဒီတော့ အတွေးထဲမှာ နေတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူပဲ။ အတွေးရဲ့ သဘောသဘာဝကို မြင်အောင်ကြည့်ပါ။ အဲဒါဆိုရင် စိတ္တာနုပဿနာ ဖြစ်နေပြီ။ လောဘဖြစ်စရာ တစ်ခုခု ပေါ်လာလို့ စိတ်က တွေးတယ်ဆိုရင် တွေးနေတဲ့ လောဘစိတ်ကလေးကို အသာလေး ကြည့်လိုက်ပါ။ မကျေနပ်စိတ် ပေါ်လာရင်လည်း သိလိုက်ပါ။ ဒီလိုနဲ့ နေ့ရှိသရွှေ့ အလေ့အကျင့် လုပ်သွားရမှာ… ။ ဒီအလုပ်က တစ်ရက်လုပ်လို့ ပြီးတဲ့ အလုပ် မဟုတ်ဘူး။
မြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်းဆိုရင် ဘယ်အခါမှာမှ သတိလက်လွတ်နေဖို့ အချိန်မရှိသင့်ဘူး။ “ ဒီအချိန်ကနေ ဒီအချိန်အထိ ငါ တရားအားထုတ်တယ်။ ကျန်တဲ့အချိန်မှာ တရားအား မထုတ်ဘူး ” လို့ ထားလို့ မရဘူး။ သတိကျဲတာနဲ့ စိပ်တာပဲ ကွာတယ်၊ သတိလက်လွတ် နေရမယ့် အချိန်မရှိဘူး။
မနေ့ညက ကျနော်ပြန်ဖတ်ခဲ့တဲ့ ဆရာတော်ဦးဇောတိကရေးတဲ့ စာအုပ်တစ်အုပ်ထဲကပါ။
Internet ထဲမှာ စာလာဖတ်ကြတဲ့ သူငယ်ချင်းများနှင့် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကျနော်အသိမိတ်ဆွေ၊ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး စာအုပ်ထဲကအတိုင်း ကျနော်စာရိုက်ပြီးပေးလိုက်တာပါ။
ဘဝနဲ့ ဆန္ဒ တစ်ထပ်တည်းကျဖို့ထက် အသိနဲ့အကျင့် တစ်ထပ်တည်း ကျဖို့က နံပါတ်တစ်လို့ ကိုယ့်ကိုကိုယ် အမြဲပြောနေမိပါတယ်။
“အတန်းပညာ၊ အတက်ပညာ၊ အသိပညာ တို့တွင် အသိပညာသာ အများဆုံးရှိချင်ပါသည်”