အနိုင်လည်းမယူ အရှုံးလည်းမပေး

အချို့လူတွေကျတော့လည်း သူတို့ရဲ့ စိတ်ထဲမှာ လုံခြုံမှုမရှိတာကြောင့် အနိုင်ရမှ ကြိုက်တယ်၊ အနိုင်ရနေမှ နေသာထိုင်သာရှိတယ်၊
အဲ့ဒါကြောင့် ရောက်လေရာမှာ တွေ့ရာလူကို အနိုင်ယူဖို့ပဲကြိုးစားတယ်၊ ဒါကြောင့် ရောက်လေရာမှာ တွေ့ရာလူကို အနိုင်ယူဖို့ပဲ ကြိုးစားတယ်၊
ဒါကြောင့် ရောက်လေရာမှာ ပြဿနာဖြစ်အောင်လုပ်တက်တယ်။ အဲဒီလိုလူဟာ သူများကို အထက်စီးကနေပြောရမှ ဆက်ဆံရမှ သူ့ကိုယ်သူ သိပ်ဟုတ်တယ်လို့ ထင်တယ်။
အမှန်တော့ သူဟာ ‘င့ါကို လူတွေ အထင်မကြီးဘူး’ လို့ ကျိတ်ပြီးတော့ တွေးနေတတ်တယ်။ ဒါကြောင့် ကိုယ့်ကို သူများတွေ ကြောက်တာကိုလိုချင်တယ်။ လူတိုင်းကို နိုင်ရမှ
ကျေနပ်တယ်။ ပြဿနာတစ်ခု ကြုံလာရင် သူကပဲ အနိုင်ရမှ။ သဘောထား အယူအဆ မတူတာတွေ့ရင် သူ့အယူအဆကို မှားမှားမှန်မှန် ခေါင်းညိတ်မှ ကြိုက်တယ်။
သူဟာလူလူချင်း ဆက်ဆံရေးအားလုံးကို လွှမ်းမိုးမှု ချုပ်ကိုင်မှုအနေနဲ့ပဲ မြင်တော့တယ်။ ဒါပေမဲ့ ရေရှည်မှာ လူတွေအပေါ် ရန်လိုမုန်းထားတဲ့ စိတ်ရှိပြီး ပြဿနာဖြစ်တိုင်း
သူကချည်းပဲ အနိုင်ရချင်နေလို့ ဖြစ်တဲ့နည်းနဲ့ အနိုင်ယူတဲ့လူဟာ ဆက်ဆံရေး အဆင်မပြေဘူး။
သူ့ကို လူတွေက ရှောင်လိမ့်မယ်။ သူ့အနားမှာနေတဲ့ လူတွေကလည်း သူပြောသမျှ ခေါင်းညိတ်တဲ့သူတွေဖြစ်နေလိမ့်မယ်။ အဲဒီလိုဆိုရင် သူဟာ ပိုပြီးရင့်ကျက်တဲ့ ပိုပြီးကောင်းတဲ့
ဆက်ဆံရေး အလေ့အကျင့်ကို မရနိုင်တော့ဘူး။
င့ါသူ့ကို လွမ်းမိုးနိုင်ရမယ်။ ငါ သူ့ကို နိုင်ထားရမယ်။ ချုပ်ကိုင်ထားရမယ်လို့ပဲ မြင်နေတော့တယ်။ အမြဲတမ်း one-up နေရာ အထက်စီးနေရာ ယူချင်တယ်။ ဆက်ဆံရေးတိုင်းကို
တစ်နည်းမဟုတ် တစ်နည်းနဲ့ သူများကို အနိုင်ယူဖို့ လွှမ်းမိုးခြယ်လှယ်ဖို့ အခွင့်အလမ်းတစ်ခုဖြစ်အောင် လုပ်လိုက်တယ်။ သူတစ်ပါးအတွက် လုံးဝထည့်မစဉ်းစားဘဲ အလေးမထားဘဲ
ကိုယ်ရချင်တာ ရဖို့ပဲ တစ်ဖက်သတ် တစ်ကိုယ်ကောင်းဆန်ဆန်အတ္တစွဲကြီးကြီးနဲ့ လုပ်လေ့ရှိတယ်။ သူတစ်ပါးအနေနဲ့ ဘယ်လိုခံစားရမယ်ဆိုတာကို လုံးဝ ကိုယ်ချင်းမစာဘူး။
ဒါမျိုး သဘောထားတွေက တစိမ်းတွေထဲမှာ တင်မကဘူးနော်။ ဆွေမျိုးသားချင်းတွေထဲမှာလည်း တွေ့ရတယ်။ ညီအကို မောင်နှမ အရင်းချင်းထဲမှာလည်းတွေ့ရတယ်။
တစ်ယောက်ကို တစ်ယောက် တစ်သက်လုံး တစ်ဖက်သတ်နိုင်ထားတာတွေ တွေ့နေရတယ်။ အနိုင်ရနေမှ နေသာထိုင်သာဖြစ်တဲ့သူဟာ အတွင်းစိတ်ထဲမှာ တော်တော်ပျော့ညံ့သူပဲ။
စိတ်ဓာတ်အင်အား ကြီးမားတဲ့သူဟာ သူများကို အနိုင်မကျင့်ဘူး။
ဆက်ဆံရေးမှာ အဲဒီလို အကျင့်မျိုးရှိတဲ့သူဟာ အကြမ်းဖက်လေ့ရှိတယ်။ ရန်လိုတဲ့ သဘောရှိတယ်။ များသောအားဖြင့် သူတို့ဟာ တစ်ဖက်က သူတို့ကို ဘယ်လိုမြင်နေတယ်ဆိုတာကို မသိဘူး။
သူတို့ဟာ အကျင့်ပါနေတဲ့အတွက်ပဲ ကြမ်းတမ်းတာ ထိပါးတာ ကိုယ်ချင်းမစာတာမျိုးကို လုပ်နိုင်တယ်။ အကျင့်ပါနေလို့ သူတို့ကြောင့် သူတစ်ပါးမှာ ဒုက္ခရောက်တာ၊ နစ်နာတာကို မသိဘူး။
သူတို့ ပြောပုံဆိုပုံ စကားလုံး အသုံးအနှုန်းတွေဟာ ကြမ်းတမ်းတယ်၊ ခက်ထန်တယ်။ တစ်ဖက်သားကို မလေးမစားပြောလေ့ရှိတယ်။ ကိုယ်ချင်းမစာတဲ့ စကားတွေ ပြောလေ့ရှိတယ်။
သူတို့ စကားလုံး ရွေှးချယ်တာလည်း ကြမ်းတမ်းတဲ့ စကားလုံးကို ရွေှးတယ်။ အသံနေအသံထားကလည်း ကြမ်းတမ်းတယ်၊ မာတယ်၊ ကျယ်တယ်။ ပေါင်းသင်းဆက်ဆံရေးအားလုံးဟာ
ကိုယ်က အထက်စီးက နေရဖို့ အကြိတ်အနယ်ပွဲကြီးလို့ သဘောထားပြီးတော့ ပြုမှုတက်တယ်။ သူတို့ရဲ့ ပြုမူပုံကိုကြည့်ရင် ဆက်ဆံရေးတိုင်းဟာ ကိုယ်က အနိုင်ရဖို့ဆိုတဲ့ သဘောထားမျိုးဖြစ်နေတယ်။
အဲဒီလိုလုပ်ခြင်းအားဖြင့် သူတို့ဟာ သူတို့ဆက်ဆံရတဲ့ သူတွေရဲ့ စိတ်ထဲမှာ စိတ်မချမ်းသာမှုဆိုတဲ့ လှိုင်းဂယက်တွေကို ကျန်ခဲ့စေတယ်။ သူတို့သွားလေရာမှာ စိတ်မချမ်းသာမှု လှိုင်းဂယက်တွေ
ဖြစ်ကျန်ခဲ့တယ်။ တစ်ဖတ်သားဟာ သူတို့နဲ့ ပတ်သက်ပြီး စိတ်ပျက်တယ်၊ စိတ်ညစ်တယ်၊ စိတ်ဓါတ်ကျတယ်။ ကိုယ့်ကိုယ်ကို ကိုယ်လည်း စိတ်ပျက်တယ်၊ အားငယ်တယ်။
ကိုယ့်ကို မလေးမစားပြောတာဆိုတာကို ခံနေရတဲ့သူမှာ ကိုယ့် ဂုဏ်သိက္ခာ (dignity) ထိခိုက်တဲ့အတွက် အင်မတန်ခံရခက်သွားပါတယ်။
လူတိုင်း ကိုယ့်အလုပ်ကိုကိုယ် လုပ်ပြီးတော့ ဂုဏ်သိက္ခာ (dignity) ရှိရှိ နေနိုင်ဖို့ လိုပါတယ်။
ကိုယ့်ရဲ့ အကျိုးစီးပွားဖြစ်စေ၊ ကိုယ်ရဲ့ အဆင့်အတန်းဖြစ်စေ ထိခိုက်မည့် ကိစ္စမျိုး ကြုံတဲ့အခါမှာ လူတွေဟာ မသိလိုက်ဘဲနဲ့ အလိုအလျောက် ကိုယ့်အခြေအနေကို ကာကွယ်တက်တယ်
သေချာချာ စဉ်းစားပြီးလုပ်တာ မဟုတ်ဘဲနဲ့ အလိုအလျောက်လုပ်မိလျက်သား ဖြစ်နေတက်တယ်။
များသောအားဖြင့် အဲဒီလို ကိုယ့်ကိုယ်ကိုကိုယ် သိပ်ပြီးတော့ မစဉ်းမစား အကာအကွယ်ပေးတာ လွန်သွားပြီးတော့ မဋိက္ခ ပိုဖြစ်စေပြီး ပြဿနာကို ပိုပြီးကြီးစေတယ်။
ပြဿနာရဲ့ အခြေအနေကို သေသေချာချာ နားလည်ပြီးတော့ ညှိယူဖို့ အစဉ်းစားတော့ဘဲနဲ့ နည်းနည်းလေးမှ မထိမခံဘူးဆိုတဲ့ သဘောထားမျိုး ဖြစ်လာတယ်။ အခက်အခဲ ပြဿနာကြုံတဲ့အခါမှာ
ကိုယ့်ဘက် သူ့ဘက် နှစ်ဖတ်မျှပြီးတော့ ကြည့်တက်မှ ပြဿနာ ပြေလည်မယ်။ ကိုယ့်ဘက်ကြီးသက်သက် တစ်ဖက်သတ်ကြည့်ပြီးတော့ ကိုယ့်ဘက်က တစ်လက်မမှ လျှော့မပေးဘူးဆိုတဲ့ သဘောထားမျိုး
ရှိနေလို့ရှိရင် ပြဿနာဟာ ပိုပြီးတော့ တင်းမာသွားလိမ့်မယ်။
နောက်တစ်နည်းကတော့ (ခုနပြောတဲ့သူလိုပဲ) အမြဲတမ်း အရှုံးပေးလိုက်မယ်။ တစ်ယောက်ယောက်နဲ့ ရင်ဆိုင်ပြီး အကြိတ်အနယ် ပြောရတော့မယ်ဆိုရင် ဘယ်တော့မှ မပြောတော့ဘူး။
အမြဲတမ်း အရှုံးပေးနေရတော့ ကိုယ့်ကိုယ်ကိုယ်လည်း လေးစားမှု မရှိတော့ဘူး။ ဒါလည်း ဆုံးရှုံးမှု တစ်ခုပဲ။
သူတစ်ပါး မတရားနိုင်တာကို ခံလိုက်ရတဲ့သူဟာ သူ့ကိုယ်သူ လေးစားမှုကျသွားတယ်။ ဒါဟာ အင်မတန်ကြီးမားတဲ့ ဆုံးမရှုံးမှုပဲ။ ပတ်ဝန်းကျင်က လူတွေအနေနဲ့ ကြည့်မယ်ဆိုရင်လည်း
“ကြည့် ဟိုတစ်ယောက်က သူ့ကို မတရားအနိုင်ကျင့်နေတာကို သူကတော့ ခေါင်းငုံ ခံနေတယ်၊ အ လိုက်တာ၊ ညံ့ လိုက်တာ၊ သနားစရာ သတ္တဝါလေး၊ ဘာမှ မတက်နိုင်ရှာဘူး” အဲဒီလို
အမြင်ခံရတာကိုက ကိုယ့်အပေါ်မှာ (respect) လေးစားမှုကျသွားပြီနော်။
အရှုံးပေးရင် self-respect ဟာ ကျသွားတယ်။ ကိုယ့်ရဲ့ ခံစားချက် (feeling) တွေဟာ အသိအမှတ်ပြုတာ မခံရဘူး။ ကိုယ့်ရဲ့ခံစားချက်ကို ဖေါ်ပြခွင့်လည်း မရဘူး။ ကိုယ့်ရဲ့ ရှုထောင့် ကိုယ့်ရဲ့အမြင်တွေကို
ဖေါ်ပြခွင့်လည်း မရတော့၊ ဒီလူရဲ့ စိတ်ထဲမှာ မကျေမနပ်ကြီး မအီမလည်ကြီး ဖြစ်ကျန်ရစ်မှာပဲနော်။
အမြဲတမ်း အရှုံးပေးရတဲ့သာဟာ ကြာလို့ရှိရင် သိမ်ငယ်တဲ့စိတ် (inferiority feeling) ဖြစ်လာတယ်။ ပတ်ဝန်းကျင် အသိုင်းအဝိုင်း ကြားမှာကိုပဲ မျက်နာငယ်တဲ့သူ ဖြစ်လာတယ်။

ဒီစာလေးတွေက လွန်ခဲ့တဲ့ ၅ နှစ်လောက်က ကျနော်ဖတ်ခဲ့တဲ့ ဆရာတော်ဦးဇောတိကရေးတဲ့ စာအုပ်တစ်အုပ်ထဲကပါ။
အခု အဲ့စာအုပ်ကို ပြန်ဖတ်ရင်း Internet ထဲမှာ စာလာဖတ်ကြတဲ့ သူငယ်ချင်းများနှင့် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကျနော်အသိမိတ်ဆွေ၊ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး စာအုပ်ထဲကအတိုင်း ကျနော်စာရိုက်ပြီးပေးလိုက်တာပါ။

“အတန်းပညာ၊ အတက်ပညာ၊ အသိပညာ တို့တွင် အသိပညာသာ အများဆုံးရှိချင်ပါသည်”
“ဘဝနဲ့ ဆန္ဒ တစ်ထပ်တည်းကျဖို့ထက် အသိနဲ့ အကျင့်တစ်ထပ်တည်းကျဖို့က နံပါတ်တစ်လို့ ကိုယ့်ကိုကိုယ် အမြဲပြောနေမိပါတယ်….”
source : www.sawsan23.com