အလုပ်

အတန်းထဲမှာ အမှတ်ကောင်းတဲ့ သူငယ်ချင်းတွေ၊ စာတော်တဲ့ သူငယ်ချင်းတွေ ဘဝမှာ တကယ်ပဲ အောင်မြင်ပါသလား။ ကျောင်းစာမှာ ထိပ်ရောက်သူတွေဟာ လုပ်ငန်းခွင်တွေမှာ မအောင်မြင်ဘူးလို့တွေ့ရသတဲ့။ ဒီလိုပြောတာကတော့ ယေးလ်တက္ကသိုလ်ကပါမောက္ခ ဒေါက်တာရောဘတ်စတင်းဘာ့ချ်ပဲ ဖြစ်တယ်။ သူဟာ ဉာဏ်ရည်ဉာဏ်သွေး သုတေသနမှာ ထိပ်တန်း ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်။ ကျောင်းစာမှာ ထိပ်ရောက်သူတွေဟာ လုပ်ငန်းခွင်တွေမှာ မအောင်မြင်ရတာ ဒီလူတွေဟာ တကယ်မှ ကျောင်းမှာ တော်ရဲ့လား။ စာမေးပွဲတွေကပဲ လွယ်လာလို့လား။ မဟုတ်ပါဘူး။ အတန်းတိုင်းလိုလိုမှာ တကယ်တော်သူများ ရှိတယ်။ သူတို့ဟာ တကယ်တော်ကြောင်း ကျောင်းဆရာ လုပ်ဖူးသူတိုင်း သိကြတယ်။ ပါမောက္ခ ရောဘတ်စတင်းဘာ့ချ်က လက်တွေ့ ဉာဏ်ရည်ဉာဏ်သွေးပေါ် မူတည်တယ်လို့ သူကဆိုတယ်။ ဒီဉာဏ်ရည်ဉာဏ်သွေးနဲ့ ပတ်သက်တဲ့ သုတေသနစာတမ်းကို ပါမောက္ခစတင်းဘာ့ချ် က တင်သွင်းခဲ့တယ်။ အံ့အားသင့်စရာ ကောင်းတာက သင့်မှာ အောင်လက်မှတ် စက္ကူတွေ များလေလေ၊ နေ့စဉ် ပြဿနာများကို ဖြေရှင်းနိုင်မှုအား နည်းလေလေပဲတဲ့။ ထိုသူများဟာ လက်တွေ့ ဉာဏ်ရည်ဉာဏ်သွေးအတွက် ရမှတ်တွေလည်း နည်းသတဲ့။ လက်တွေ့ ဉာဏ်ရည်ဉာဏ်သွေးဟာ ကျောင်းစာတော်တာနဲ့ တခြားစီ ဖြစ်နေတယ်။ တစ်ခါတစ်ခါ ဆန့်ကျင်နေတာကို တွေ့ရတယ်တဲ့။

ဆိုလိုတာက ဘဝမှာ အောင်မြင်တဲ့ အတိုင်းအတာ တစ်ခုဖြစ်တဲ့ လက်တွေ့ ဉာဏ်ရည်ဉာဏ်သွေး မြင့်လေလေ၊ သင်ဟာ ကျောင်းစာမှာ အောင်မြင်မှု နည်းလေလေ ဆိုတဲ့ အချက်ပဲ။ အလုပ်ခွင်မှာ အောင်မြင်နေသူ အများစုကို အိုင်ကျူ စစ်ဆေးမှု (IQ Test) ပြုလုပ်တဲ့အခါ ရမှတ်တွေဟာ အတော်လေး ဆိုးရွားနေတာကို တွေ့ရတယ်။ အိုင်ကျူစစ်ဆေးမှု (IQ Test) ဟာ နှစ်ပေါင်းတစ်ရာကျော်က သဘောတရားသာ ဖြစ်ပြီး ခေတ်နဲ့ မညီတော့ပါဘူး။ ဒါကြောင့်လည်း အိုက်ကျူစစ်ဆေးမှု (IQ Test) ဟာ တချို့လူတွေအတွက် မမှန်မကန်ရတာ ဖြစ်တယ်။ တချိို့လူများဟာ အိုင်ကျူစစ်ဆေးမှု (IQ Test) မှာ အမှတ် ကောင်းတာကြောင့် ဘဝမှာ အောင်မြင်သူ ဖြစ်မယ်လို့ ခန့်မှန်းကြတယ်။ ဒါပေမဲ့လည်း သူတို့ထဲက တချို့ဟာ လက်တွေ့ဘဝမှာ မအောင်မြင်ကြဘူး။ ဒီအတွက် စိတ်လှုပ်ရှားမှု ဉာဏ်ရည် ဉာဏ်သွေး (Emotional Intelligence – EQ) ဟာ အရေးပါတယ်လို့ ပါမောက္ခစိုင်းဘာ့ချ် က ဆိုတယ်။

“ ဘာတွေလိုတာလဲ ” ဆိုတာကို ရှင်းပြဖို့ (EQ) ကို သုံးသင့်ကြောင်း သူကဆိုတယ်။ တကယ်တမ်း အောင်မြင်သူများဟာ ဉာဏ်ရည်ဉာဏ်သွေး (IQ) မြင်မားရမယ့် အပြင် စိတ်လှုပ်ရှားမှု ဉာဏ်ရည်ဉာဏ်သွေး (EQ) လည်း မြင့်မားရတယ်။ တကယ်တော့ (IQ) ရော (EQ) ပါ နှစ်မျိုးစလုံးဟာ အောင်မြင်မှု ခန့်မှန်းတဲ့နေရာမှာ လက်တွေ့ မကျလှဘူး။ ဥပမာအားဖြင့် သုတေသန ပြုလုပ်သူများ အလိုအရ (IQ) စမ်းသပ်ချက်ဟာ ဘဝမှာ အောင်မြင်မှုကို ၄ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်း လောက်ကိုပဲ ဖော်ပြနိုင်တယ်။ ပါမောက္ခ စတင်းဘာ့ချ်တို့ သုတေသနအဖွဲ့ဟာ ရိုးရာ အစဉ်အလာ နည်းတွေကို စွန့်ပယ်ကာ နည်းသစ် ထွင်ခဲ့ကြတယ်။

တကယ်တမ်း အောင်မြင်မှုတွေကို လေ့လာတဲ့အခါ လူနှစ်မျိုးနှစ်စားကို တွေ့လာရတယ်လို့ ဂျွန်ဘရောင်းက ဆိုတယ်။ ပထမ အမျိုးအစားက (Doers) တွေဖြစ်ပြီး အလုပ်လုပ်သူများလို့ ဆိုနိုင်တယ်။ နောက်တစ်မျိုးကတော့ (Dreamers) တွေ ဖြစ်တယ်။ သူတို့ကတော့ အိပ်မက်တွေ မက်နေသူတွေ များပါပဲတဲ့။ Dreamers တွေဟာ ကြံစည်တယ်။ စကားတွေ ပြောတယ်။ ဆွေးနွေးတယ်။ ဒီတော့ တကယ်တမ်း လုပ်တဲ့အခါ သူတို့နောက်ကျ ကျန်နေတတ်ကြတယ်။ Dreamers တွေဟာ အလုပ်တစ်ခုကို စလုပ်ရမှာ ကြောက်နေကြတယ်။ ဒါနဲ့ပဲ ရှေ့ကို မရောက်တာလို့ ဆိုတယ်။ အမှန်မှာတော့ အိပ်မက် မမက်ရဘူးလို့ မဆိုလိုပါဘူး။ ဘဝမှာ အိပ်မက်တွေ အများကြီး မက်ရပါတယ်။ ဒါပေမဲ့ အိပ်မက်ကမ်ဘာထဲမှာပဲ နေမသွားဖို့ လိုတယ်။ Doers တွေက အိပ်မက် မမက်တာ မဟုတ်ဘူး။ သူတို့ဟာ လုပ်ငန်းတွေကို မကြောက်မရွံ့ လုပ်ကိုင်တယ်။ စွန့်စားရဲသူတွေပေါ့။

IQ မြင့်သူ အများစုကတော့ ချင့်ချိန်နေကြသူတွေ ဖြစ်လို့ သူတို့ဟာ ထိပ်တန်းမှာ မရှိဘူး။ သူတို့ဟာ ကုမ္ပဏီဥက္ကဋ္ဌတွေ ဖြစ်မလာဘဲ အကြံပေးတွေသာ ဖြစ်လာကြတယ်။ ဒါပေမဲ့ IQ မြင့်တဲ့ Doers တွေကို သတိရတဲ့အခါ တိုးတက်မှုတွေ အများကြီး ရှိလာတာကို တွေ့ရတယ်။ ဥပမာ စင်ကာပူက ခေါင်းဆောင် လီကွမ်ယူကို ကြည့်မယ်။ သူဟာ မလေးရှားနိုင်ငံသားပါ။ ရှေးရိုးစွဲ မလေးတွေနဲ့ အဆင်မပြေဘူး။ သူ့မှာ အကြံဉာဏ်ကောင်းတွေ ရှိတယ်။ ဒါပေမဲ့ မလေးတွေက သူ့ကို မလိုချင်ဘူး။ သူဟာ မလေးရဲ့ သာသနာနဲ့ စည်းရုံးမှုကို ဖြိုခွဲမယ်လို့ သဘောပေါက်ကြတယ်။ နောက်ဆုံးတော့ တူညီချက်တစ်ခုနဲ့ စင်ကာပူ ကျွန်းလေးကို မလေးရှားကနေ ခွဲထွက်ခွင့် ပြုခဲ့ပါတယ်။ စင်ကာပူဟာ ကျွန်းသေးသေးလေးပါ။ ဧရိယာ ၂၆၅ စတုရန်းမိုင်ပဲ ရှိတယ်။ သောက်သုံးစရာ ရေတောင် မလုံလောက်ဘူး။ သယံဇာတ ဘာမှမထွက်ဘူး။ ကျွန်းရဲ့ မြေနေရာ အတော်များများဟာ ရွွှံ့ညွန်တွေ ဖုံးနေတယ်။Marsh Land ပါပဲ။ သူ့မှာ အားသာချက် တစ်ခုပဲရှိတယ်။ အဲဒါကတော့ သငေ်္ဘာတွေ ဖြတ်သွားရာ အပြည်ပြည်ဆိုင်ရာ ရေကြောင်းနံဘေးမှာ တည်နေတာပါပဲ။ စင်ကာပူကို မလေးရှားကနေ ခွဲထွက်ပြီး ခေါင်းဆောင်ဖြစ်လာတဲ့ လီကွမ်ယူက ပြောတယ်။ ကျွန်တော် ညည အိပ်မရဘူး။ ဒီလို Marsh Land ကို ဘယ်လို တိုးတက်အောင်လုပ်ဖို့ ကြံဆောင်ရမလဲ။ သူဟာ Dreamer တစ်ယောက် မဟုတ်ဘူး။ Doer ပါ။

ဒါပေမဲ့ သူ့မှာ ကြီးမားတဲ့ စိတ်ကူးတွေ ရှိတယ်။ အိပ်မက် (Dream) တွေ ရှိတယ်။ ဒါ မပါဘဲ သူဘယ်လိုလုပ် နိုင်ငံကို တည်ဆောက်ရမလဲ။ သူက လူတစ်ယောက်ကို ကြီးကျယ်စေတာ အလေ့အကျင့်ပဲလို့ ယုံကြည်တယ်။ ဒီ အလေ့အကျင့်ကို လုပ်ဖို့ ဆုပေးဒဏ်ပေး အစီအစဉ်ကို သဘောကျတယ်။ စင်ကာပူမှာ ဘယ်လောက်ပဲ သေးငယ်တဲ့ ဥပဒေကိုပဲ ချိုးဖောက်ဖောက် ချိုးဖောက်မိရင် ဒဏ်ငွေဆောင်ရတယ်။ လမ်းမှာ တံတွေး ထွေးတာတို့၊ ရထားပေါ် ရေသောက်တာတို့ပေါ့။ (MRT Train မှာ ရေတောင် သောက်လို့မရဘူး။ ဆေးလိပ်သောက်ဖို့ဆို ဝေးရော) လီကွမ်ယ ူရေးထားတဲ့ စာထဲမှာ “ ကျွန်တော်တို့ဟာ အစိုးရ အိမ်ကြီးမှာ နေရတယ်။ အဲဒီမှာ ကလေးထိန်းတွေနဲ့ မြေအကျယ်ကြီးပေါ့။ သားလေးဟာ ဘောလုံးကန်လိုက်ရင် နာနီတွေက သွားကောက်ပေးတယ်။ သားလေး လဲကျရင် သူတို့က ပြေးထူတယ်။ ဒီတော့ ကျွန်တော်စဉ်းစားတယ်။ ဒီမှာနေရင်တော့ ဒီကောင်ကိုယ်တိုင် ဘာမ ှလုပ်တတ်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော် အိမ်သေးသေးလေးကို ပြောင်းရွှေ့ပြီး ကလေးတွေကို ကိုယ်ထူကိုယ်ထ လုပ်ကိုင်စေတယ် ” တဲ့။

အဲဒီအချိန်က လီကွမ်ယူဟာ စင်ကာပူမှာ အာဏာအရှိဆုံး ပုဂ္ဂိုလ်ပါ။ သူလိုချင်တာကို ယူလို့ရတယ်။ ဒါပေမဲ့ သားသမီးတွေအတွက် သူပေးချင်တယ်။ တိုင်းပြည်အတွက် သူပေးချင်တယ်။ လူတိုင်း အလုပ်လုပ်ဖို့ သူ ကြံစည်ခဲ့တယ်။ အလုပ်ရှိတဲ့ လူတွေကို ၀န်ထမ်းတွေကို အရစ်ကျ ငွေပေးချေစနစ်နဲ့ ကားတွေ အိမ်တွေ ၀ယ်ခွင့် ပြုတယ်။ ဒီလူတွေ အလုပ်ကြိုးစားလာတယ်။ သူတို့ မမှန်မကန်လုပ်ရင် အလုပ်ပြုတ်မှာကိုး။ အလုပ်ပြုတ်ရင် စီးစရာ ကား ဆုံးရှုံးမယ်။ နေစရာအိမ် ရှိတော့မှာ မဟုတ်ဘူး။ သူက လူတွေကို ထိန်းပြီး တိုင်းပြည်ကို တိုးတက်စေတာပါ။ စေတနာကောင်းတွေ ထားအောင် လေ့ကျင့်ပေးတယ်။

လီကွမ်ယူရဲ့သား လီရှန်လုံးဟာ အရွယ်ရောက်လာတော့ စင်ကာပူဝန်ကြီးချုပ် ဖြစ်လာပါတယ်။ ဒီလိုဖြစ်လာတာဟာ အရှိန်အဝါ ပါကောင်းပါမယ်။ ဒါပေမဲ့ အရှိန်အဝါ သက်သက်နဲ့တော့ မရဘူး။ လီရှန်လုံး လက်ထက်မှာလည်း လီကွမ်ယူတို့၊ ဂိုချောက်တောင်တို့ လက်ထက်မှာလိုပဲ အောင်မြင်ပါတယ်။ ပြောစရာ ရှိသေးတာက လီကွမ်ယူက စီနီယာ ၀န်ကြီးအဖြစ် တာဝန်ယူ အကြံပေးနေလို့ပါပဲ။ ဒီတော့ အောင်မြင်စေတဲ့ အချက်ကို လေ့လာရင် သုံးချက်ကို တွေ့ရပါမယ်။ ပညာကိုတော့့ သင်ရမယ်။ ဒီခေတ်ဟာ ပညာခေတ်ဖြစ်တယ်။ ပညာတော့ သင်ရပါတယ်။ ဒီခေတ်မှာ ပညာသင်ထားတာတွေကို အလွတ်ရထားစရာ မလိုပါဘူး။ ဘယ်နေရာမှာ ဘာရှိလဲ ရှာတတ်ရင် လုံလောက်ပါသတဲ့။ ဒီတော့ အတော်ဆုံး ဖြစ်စရာ မလိုပါဘူး။ ပညာသင်ထား တတ်ထားရင်တော့ လုံလောက်တယ်။ ဒုတိယကတော့ အိပ်မက်ချည်း မက်နေလို့ မရဘူး။ လုပ်စရာတွေကို ချန်မထားဘဲ လုပ်ရမယ်။ စွန့်စားသင့်ရင်လည်း စွန့်စားရပါတယ်။ အရေးအပါဆုံး နောက်တစ်ခုက အလေ့အကျင့်ပါပဲ။ အလေ့အကျင့်ကောင်းတွေဟာ လူ့ဘဝကို ပြောင်းလဲစေပါတယ်။ မိမိနဲ့ အတူရှိနေတာဟာ အလေ့အကျင့် ခွန်အား ဦးနှောက်စွမ်းအားပါ။

ဒေါက်တာခင်မောင်ညို

The Chic Magazine