ကိုယ့်အရည်အချင်းတွေကို အမြင့်ဆုံး ရောက်အောင် အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ပြုစု ပျိုးထောင်တာ၊ ကိုယ့်အရည်အချင်းတွေကို ပြည့်ပြည့်ဝဝ သုံးတာဟာ အင်မတန် အဆင့်မြင့်တဲ့ စွန့်စားမှု ဖြစ်တယ်။
များသောအားဖြင့် ကိုယ့်ကို သူများသုံးလို့ အဆင်ပြေအောင်ပဲ လုပ်ကြတယ်။ သူများက ကိုယ့်ကို ဘယ်နေရာမှာသုံးချင်သလဲ အဲ့ဒီနေရာမှာ အသုံးတည့်အောင် နေလိုက်တယ်။ သူများ ကိုယ့်ကို သုံးတာကိုပဲ တော်တော်ဟုတ်လှပြီလို့ ထင်နေကြတာ။ " လိုရင် ကျနော့ကို ခေါ်သုံးပါ.. နော် " လို့တောင် ပြောတာ ကြားဖူးတယ်။ ပညာသင်တာတောင် ကိုယ့်ကို သူများ အသုံးတဲ့အောင် ပညာသင်နေကြတာ။ ကိုယ့်အရည်အချင်းကောင်းတွေကို ကိုယ်သုံးရအောင် ပညာသင်တာ မဟုတ်ဘူး။ ကိုယ့်ကို သူများက အသုံးတည့်အောင် ပညာသင်ရတာကို သဘောကျနေတယ်။ တချို့တော့ ပညာသင်တာ ကိုယ့်ကို သူများ အသုံးတည့်တဲ့ အဆင့်တောင် မရောက်ဘူး။ ဘာဖြစ်လို့လဲ။ ကိုယ့်ဟာကိုယ်ပဲ ဖြေလိုက်ပါ။ သူများက ကိုယ့်ကို လိုရင်သုံးမယ် မလိုရင် မသုံးဘူး။ အဲဒီလို ဘဝမျိုးမှာ နေမယ်ပေါ့..။ နေပျော်တယ်ပေါ့..။ ရည်မှန်းချက်က အဲသလောက်ပဲ ထားသလား။ ကိုယ့်ကိုယ်ကို အဲဒီလို ဘဝမျိုးနဲ့ပဲ တန်တယ်လို့ ဆုံးဖြတ်ထားသလား။ အဲဒီလို ဆုံးဖြတ်ထားရင် အဲဒီလို ဘဝမျိုးမှာပဲ နေရမယ်။