သူတို့ကို ချည်ထားတဲ့ သံကြိုးကို ချစ်နေတဲ့ လူမိုက်တွေကို လွတ်လပ်သွားအောင် လုပ်ပေးဖို့ သိပ်ခက်ပါတယ်။ မလွတ်လပ်တာကို သဘောကျနေတဲ့သူကို လွတ်လပ်အောင်လုပ်ပေးလို့ မရဘူး။ ပြောလို့လည်း ရမှာ မဟုတ်ဘူး။ တချို့လူတွေဟာ မလွတ်လပ်တာကို ကြိုက်တယ်။ ဒါကြောင့် ခိုင်းတာလုပ်ပြီး ပေးသလောက်ယူရတဲ့ဘဝကို ကျေနပ်နေတယ်။ ကြိုးစားသလောက် အကျိုးခံစားရမယ့် အလုပ်မျိုးကို မလုပ်ဘူး။ ဉာဏ်ကို ပိုသုံးရမယ့် အလုပ်ကို မလုပ်ဘူး။ အရည်အချင်းကို ပိုထုတ်ရမယ့် အလုပ်ကို မလုပ်ဘူး။ လက်အောက်ခံဘဝကို ကျေနပ်နေကြတယ်။ လက်အောက်ခံဆိုတာ ခိုင်းတာလုပ်ရတယ်။ ခိုင်းတာလုပ်ရင် တာဝန်ကျေပြီ။ ဘာလုပ်ရင် ကောင်းမလဲ၊ ဘယ်လိုလုပ်ရင် ပိုကောင်းမလဲလို့ စဉ်စားစရာ မလိုဘူး။ ခိုင်းတာလုပ်ရင် ဘာလုပ်ရမလဲ ဆိုတဲ့ မသေချာတဲ့ အခြေအနေ၊ အဖြေရှာရတဲ့ အခြေအနေ မရှိဘူး။ သေချာနေတယ်။ သေချာနေတာဟာ သေနေတာပဲ။